မော်လမြိုင်၊ ဖေဖော်ဝါရီ (၁၂)

အာဏာသိမ်းပြီး (၂)နှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူဦးရေသုံးပုံတစ်ပုံဟာ အခြေခံလိုအပ်ချက် တွေမြင့်မားလာပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

လူဦးရေ ၅၅ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ဆက်တွဲဆိုးရွားလာတဲ့ အခြေအနေတွေကြောင့် အခုလို အကူအညီတွေလိုအပ်တာပါ။

UNOCHA ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၂၀၂၃ ခုနှစ်အတွင်း မြန်မာ နိုင်ငံမှာ အကူအညီလိုနေတဲ့သူ ၁၇ ဒသမ ၆ သန်းအထိ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အပစ်အခတ်ရပ်တန့်ထားတာ လနဲ့ချီကြာနေတဲ့ ရခိုင်ပြည်နယ်က စစ်ရှောင်တွေဟာ အခုအချိန်ထိ နေရပ်မ ပြန်နိုင်သေးဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

“ ရခိုင်မှာ နှစ်ယောက်တစ်ပိုင်းလောက် အိမ်ပြန်ခွင့်ရတာကို မပြောပါနဲ့။ အများစုက ပြန်လို့ရဖို့လည်း မလွယ် သလို ဒုက္ခတွေကြားထဲမှာ ဆက်နေနေကြရပါတယ်။ အခုတော့ အအေးကပေါ့လာတော့ အနွေးထည်မလို အပ်တော့ပေမယ့် မနက်ခင်းနှင်းတွေ မြူတွေကျလို့ အေးတုန်းပဲ။ အဓိက က စားဝတ်နေရေးဗျ။ ဘယ်လောက် အပစ်ရပ်တယ်ပြောပြော လမ်းခရီးကမကောင်းတော့ အကူအညီတွေကလည်း ရောက်ဖို့ခက်တယ်ဗျ” လို့ ရခိုင် စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

UNOCHA ကတော့ ပြင်းထန်တဲ့တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လုံခြုံရေးတင်းကျပ်တာတွေက လူသားချင်း စာနာမှုအကူအညီပေးဖို့အတွက် ဆိုးဆိုးရွားရွား အဟန့်အတားဖြစ်စေတယ်လို့ ဆိုပါတယ်။

လေကြာင်းတိုက်ခိုက်မှုခံခဲ့ရပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေ၊ မီးရှို့မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင် နေရတဲ့ စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်က စစ်ရှောင်တွေဟာလည်း နေစရာယာယီတဲထိုးဖို့က အစခက်ခဲနေကြ ရတာပါ။

“ယာယီတဲဆောက်ဖို့တောင် အခက်အခဲ ရှိနေတယ်ဗျ။ စားဝတ်နေရေးပိုင်းဆိုတာလည်း စပါးတိုက်တွေ၊ ကောက်ပဲသီးနှံတွေကအစ မီးရှို့ဖျက်ဆီးခံရတယ်။ နေအိမ်ပေါင်း ငါးထောင်ကျော်မီးရှို့ဖျက်ဆီးခ့ရတာကြောင့် အကုန်ခက်ခဲနေပြီ” လို့ ဒီပဲယင်းစစ်ရှောင်တွေက ဆိုပါတယ်။

တိုက်ပွဲဖြစ်ရာနေရာတွေမှာ ကုန်ဈေးနှုန်းကြီးလာတာကြောင့် စားဝတ်နေရေးအခက်အခဲ ဖြစ်လာတာတွေ လည်း ရှိနေပါတယ်။

UNOCHA ရဲ့ အစီရင်ခံစာအရ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့ ၁၇ ဒသမ ၆ သန်းထဲမှာ တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေက ၄ ဒသမ ၅သန်းအထိ ပါဝင်နေပြီး ဒီအထဲမှာ ၅၂ ရာခိုင်နှုန်းက အမျိုးသမီး၊ ၃၂ ရာခိုင်နှုန်းက ကလေးသူငယ်နဲ့ ၁၃ ရာခိုင်နှုန်းက မသန်စွမ်းတွေလို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ချင်းဒေသခံ ၅၂၀၀၀ ကျော် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခဲ့ရတာတွေလည်း ရှိနေပါတယ်။

လူသားချင်းစာနာမှုအကူအညီပေးရေး အသိုက်အဝန်းကတော့ အမေရိကန်ဒေါ်လာ ၇၆၄ သန်း သုံးစွဲမယ့် အရေးပေါ်အကူညီပေးရေး အစီအစဉ်ကို စတင်နေပြီး တိုက်ပွဲဖြစ်နေတဲ့ဒေသက လူဦးရေ လေးသန်းခွဲကို ဦးစားပေးထောက်ပံ့သွားမယ်လို့ UNOCHA က ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီတွေအနေနဲ့ မြန်မာနိုင် ငံမှာ ရုံးခွဲတွေ ဖွင့်လှစ်ခွင့်ရနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်ဖို့ လုပ်ဆောင်ခွင့်ပြုပေးထားတယ်လို့ ဖေဖော်ဝါရီလ ၄ ရက်နေ့ မှာ ဖော်ပြထားပါတယ်။

UNOCHA ကတော့ ၂၀၂၂ ခုနှစ်မှာ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဟာ တစ်နိုင်ငံလုံးက လူဦးရေ ၄ သန်းအတွက် လိုအပ်တဲ့အကူအညီတွေ ရောက်ရှိပံ့ပိုးနိုင်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်နေ့အထိ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၂ သန်းရှိရာကနေ အခု ဖေဖော်ဝါရီလဆန်းမှာ ၁ ဒသမ ၅ သန်းအထိဖြစ်လာတယ်လို့ (UN OCHA) က ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်အထိ တစ်နိုင်ငံလုံးမှာ တိုက်ပွဲပေါင်း ၈၁၀၀ ကျော် ဖြစ်ခဲ့ပြီးစစ်တပ်အာဏာမသိမ်းခင် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ တိုက်ပွဲ ၄၆၀၀ ကျော်သာရှိခဲ့ပေမယ့် အခုအာဏာသိမ်းနှစ်နှစ်အတွင်း နှစ်ဆနီးပါးမြင့် တက်လာတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar က အခုလဆန်းပိုင်းက ထုတ်ပြန်ထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ ၂၀၂၃ ခုနှစ်အတွက် UN OCHA ရဲ့ ရန်ပုံငွေလျာထားချက်နဲ့ အစီအစဉ်တွေဟာ ထိထိရောက်ရောက်လုပ်နိုင်မှ အကျိုးရှိလိမ့်မယ်လို့ ပြောကြားထားပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.