နေပြည်တော် ၊ ဖေဖော်ဝါရီ (၁၁)

စစ်ကောင်စီကျင်းပဖို့ ကြိုးပမ်းနေတဲ့ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ အီလက်ထရောနစ်နဲ့ မဲပေးတဲ့စနစ်အသုံးပြုဖို့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အီလက်ထရောနစ် မဲပေးစနစ် စမ်းသပ်ပြင်ဆင်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၉ ရက်မှာ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အဖွဲ့ဝင်တွေက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

Myanmar Electronic Voting Maching (MEVM) စမ်းသပ်ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး UEC အဖွဲ့ဝင်တစ်ဦးက ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ ဆန္ဒပြုစက်မှန်ကန်မှု ရှိ၊ မရှိ ပြသတဲ့စက်၊ မဲပုံးနဲ့ဘက္ထရီတွေ ဖွဲ့ စည်းတည်ဆောက် ထားရှိမှုစတဲ့ စက်ပစ္စည်းတွေန့ ဆိုင်တဲ့ ရှင်းလင်းချက်တွေကို တင်ပြခဲ့တယ်လို့ စစ်ကောင်စီဘက် ထုတ်ပြန် ထားပါတယ်။

စစ်ကောင်စီက အီလက်ထရောနစ်မဲပေးစနစ် ကျင့်သုံးတာဟာ မဲတွေကို ကြိုက်သလို လိုသလို လိမ် လည်အသုံးချဖို့ အခွင့်အရေး အများကြီးရှိသွားမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို မယုံကြည်တဲ့ လူထုတွေအနေနဲ့ အသိအမှတ်ပြုနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“အင်တာနက်ကျွမ်းကျင်သူတွေက ဒါတွေကို သုံးစွဲလုပ်ကိုင်သွားမယ်၊ ဒါတွေကလည်း အများစုက စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့အတွက် စစ်ကောင်စီက ကြိုက်သလို မဲတွေကိုလိုသလို လိမ် လည်အသုံးချနိုင်တဲ့ အခွင့်အရေးအများကြီးရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နဂိုကတည်းက ဒီရွေးကောက်ပွဲကို မယုံကြည်တဲ့ လူထုအနေနဲ့ အွန်လိုင်းစနစ်ပါ ကျင့်သုံးမယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲဟာဘာမှကို အာမခံချက်မရှိတဲ့ တရားမမျှတတဲ့ နည်းစနစ်တွေနဲ့ လုပ်မှာဖြစ်တဲ့အတွက် ဒီရွေးကောက် ပွဲကို တရားမျှတပြီး ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲလို့ အသိအမှတ်မပြုနိင်ပါဘူး ခင်ဗျ”လို့ သူက ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ ပြီးခဲ့တဲ့နှစ်အတွင်း စစ်ကောင်စီအစည်းအဝေးနဲ့ မိန့်ခွန်းတွေအပါအဝင် နှစ်သစ်ကူးနဲ့ လွတ်လပ်ရေးနေ့တွေမှာ ၂၀၂၃ ခုနှစ်အတွင်း ပါတီစုံဒီမိုကရေစီစနစ်နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲအပ်မယ်လို့ ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ခေါ်ယူကျင်းပခဲ့တဲ့ ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ ရေးကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ဒေသအသီးသီးမှာ ၅၀ ရာခိုင်နှုန်းနဲ့အထက် မဖြစ်မနေအောင် လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတာ်။

တစ်ဖက်မှာတော့ နိုင်ငံတဝန်းရဲ့ ၄၀ ရာခိုင်နှုန်း မြို့နယ်အနေနဲ့ ၁၃၂ မြို့နယ်ကို လုံခြုံရေးထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ ပိုမိုလိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ကာလုံအစည်းအဝေးမှာ ဝန်ခံထားတာပါ။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ၊ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကတော့ စစ်အာဏာရှင်ဟာ လူထုကို ဘယ်လိုမှ အုပ်ချုပ်လို့မရဘူးဆိုတာ အာဏာသိမ်း ၂ နှစ်ပြည့်မှာ ပြည်သူတွေက သက်သေပြပြီးဖြစ်တဲ့အတွက် ရွေးကောက်ပွဲကျင်းပလာရင်လည်း အဲဒီအတိုင်း ရှိလိမ့်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်အာဏာရှင်ဟာ ဘယ်လိုမှ အုပ်ချုပ်လို့ မရဘူး၊ အမိန့်ပေးစေခိုင်းလို့ မရဘူးဆိုတာ ပြည်သူတွေက လက် တွေ့ သက်သေပြပြီးဖြစ်တယ်။ ရွေးကောက်ပွဲ အကယ်လို့ ကျင်းပလာရင်လည်း အဲဒီလို ပုံစံမျိုးပဲရှိလိမ့်မယ်။ သူတို့နဲ့ (စကစ) အပေါင်းအပါ (အာဏာသိမ်း) နှစ်နှစ်ပြည့်နေ့ကလည်း စစ်တပ်ထောက်ခံပွဲ ဘာညာတွေ ကျိုးတိုကျဲတဲအနေအထားနဲ့ ဒါပေမယ့် သူတို့အနေနဲ့ လူတစ်ယောက်လာရင်လည်း ရွေး ကောက်ပွဲ မဲလာပေးရင် လည်း အထမြောက်တယ်လို့ ပြောရင်တော့ ကျွန်တော်တို့ ဘာမှ ပြောစရာမရှိဘူး။ ဒါပေမယ့် နှစ်နှစ်ပြည့်တဲ့နေ့ နှစ်ပတ်လည်မှာ (အသံတိတ်သပိတ်) တုံ့ပြန်လိုက်တဲ့ဟာက ရွေး ကောက်ပွဲလုပ်လာရင်လည်း အဲဒီပုံစံပဲ ဖြစ်လိမ့်မယ်ဆိုတာ သူတို့ကို ခြိမ်းခြောက်နေလိမ့်မယ်လို့ ပြောချင်ပါတယ်”လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီက တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုရှိ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးဖို့ ကြေညာခဲ့တာဟာ ရွေးကောက်ပွဲကျင်းပနိုင်ရေး စစ်ရေးအရ ထိန်းချုပ်နိုင်ဖို့ လုံခြုံရေးတိုးမြှင့်လိုက်တာလို့ နိုင်ငံရေးသုံးသပ်သူတွေက ထောက်ပြကြပါတယ်။

ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်ကောင်စီက ပါတီဝင်တစ်သိန်းနဲ့ ရန်ပုံငွေ သိန်းတစ်ထောင် ဘဏ်စာရင်းဖွင့်ရ မယ့်အပြင် ရက်ပေါင်း ၁၈၀ အတွင်း မြို့နယ် ၁၆၅ ခုမှာ ပါတီရုံးခန်းဖွင့်လှစ်ရမယ်ဆိုတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြဌာန်းထားတာပါ။

လက်ရှိမှာတော့ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီတို့က လာလျှောက်ထားတယ်လို့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပုဒ်မ ၂၅ အရ တည်ဆဲနိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေပြဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ထံ မှတ်ပုံတင်ရမှာဖြစ်ပြီး အဲဒီလို မှတ်ပုံမတင်ရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုလိုပျက်ပြယ်တယ်လို့ ပြဌာန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.