ညောင်လေးပင်၊ ဖေဖော်ဝါရီ(၁၁)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟို က ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေအတွင်း ဖေဖော်ဝါရီ(၇)ရက်နေ့ ညပိုင်းက တပ်အင်အား(၅၀) နီးပါး ရှိတဲ့ စစ်ကောင်စီတပ်ဟာ နတ်သံကွင်းကနေတစ်ဆင့် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် KNLA တပ်မဟာ(၃)နဲ့ အုန်းပင်စုကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ နတ်သံကွင်းတံတားကနေ ကျေးရွာတွေထဲကို ရည် ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးအလုံးပေါင်း(၅၀)ကျော် ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၂၂ လုံးဟာ အုန်းပင်စုကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကျေးရွာနေအမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးအပါအဝင် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အုန်းပင်စုကျေးရွာအပါအဝင် ရေတွင်းကုန်းလေး၊ ရေတွင်းကုန်းကြီး၊ သပြေကုန်း၊ အုန်းချစ်ကုန်း၊ ရန်မျိုးအောင်နဲ့ နှောက်ကုန်းကျေးရွာ(၇)ရွာက ပြည် သူလူထု ၄၀၀၀ ကျော်ဟာ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.