နေပြည်တော်၊ ဖေဖော်ဝါရီ(၅)

စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားတဲ့ မြို့နယ်တွေရဲ့ တရားစီရင်ရေးမှာ စစ်ခုံရုံးကနေ ချမှတ်လိုက်တဲ့ ပြစ် ဒဏ်တွေအတွက် အယူခံပိုင်ခွင့်မရှိဆိုတဲ့အမိန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲ ဥပဒေတွေနဲ့ လုံးဝဆန့်ကျင်သွေဖယ်နေတယ်လို့ ဥပဒေပညာရှင်တွေက ဝေဖန်လိုက်တာပါ။

အာဏာသိမ်းစစ်ကောင်စီဟာ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးတွေကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ဖို့အတွက်ဆိုပြီး တိုင်းနဲ့ပြည်နယ် ၈ ခုက မြို့နယ်ပေါင်း ၃၇ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး (Martial Law)ကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်အုပ်ချုပ်ရေးကာလအတွင်း ပြစ်မှုဆိုင်ရာမှုခင်းတွေကို စစ်ခုံရုံးဖွဲ့စစ်ဆေးနိုင်ပြီး ပြစ်မှုထင်ရှားပါက သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နဲ့ ထောင်ဒဏ်၊ အမြင့်ဆုံးပြစ်ဒဏ်တို့ကို ချမှတ်နိုင်ကြောင်းနဲ့ ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေအတွက် အယူခံပိုင်ခွင့်မရှိစေရဘူးလို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်ခုံရုံးတွေကနေချမှတ်တဲ့ ဆုံးဖြတ်ချက်နဲ့ အမြင့်ဆုံးစီရင်ချက် ပြစ်ဒဏ်တွေဟာ အပြီးအ ပြတ် ဖြစ်စေရမှာဖြစ်ပြီး သေဒဏ်စီရင်ပါက စစ်ကောင်စီဥက္ကဋ္ဌရဲ့ အတည်ပြုချက်ရယူဖို့ ဖော်ပြထားပါတယ်။

စစ်ခုံရုံးတွေက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေအတွက် အယူခံပိုင်ခွင့်မရှိစေရဘူးဆိုတဲ့ ဖော်ပြချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေတွေနဲ့ လုံးဝဆန့်ကျင်သွေဖယ်နေတယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ဝေဖန်လိုက်ပါတယ်။

“အာဏာသိမ်းတဲ့အစိုးရဖြစ်ဖြစ်၊ အာဏာထိန်းတဲ့အစိုးရပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲရလဒ်အရပေါ်ပေါက်လာတဲ့ အစိုးရပဲဖြစ်ဖြစ်၊ ဘယ်အစိုးရလက်ထက်မှာပဲဖြစ်ဖြစ်၊ တရားစီရင်ရေးဟာ လွတ်လပ်မှုရှိရမယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၁၉(ဂ)မှာ တရားစွဲဆိုခြင်းခံရတဲ့ စွပ်စွဲခံရသူတရားခံတွေဟာ ဥပဒေနဲ့အညီခုခံ ချေပခွင့်အပြည့်အဝရရှိစေရမယ်။ ပြီးတော့အမှုတွေမှာလည်း အယူခံပိုင်ခွင့်ရှိစေရမယ်ဆိုတဲ့ အချက်နှစ်ချက် သည် တရားစီရင်ရေးရဲ့ အခြေခံမူဖြစ်သည်လို့ ပြဌာန်းထားသလို ၂၀၁ဝပြည့်နှစ် ပြည်ထောင်စုတရားစီရင် ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃(ဂ)မှာလည်း အလားတူပဲ ပြဌာန်းထားတာ ဖြစ်ပါတယ်။ အဲဒါကတည်ဆဲဥပဒေ ဖြစ်သလို ပြဌာန်းဥပဒေလည်း ဖြစ်တယ်။ အယူခံပိုင်ခွင့်မရှိဘူးဆိုတဲ့ ပါဝင်လာတဲ့အချက်ကျတော့ ဒါက ဥပ ဒေနဲ့ကို ဆန့်ကျင်နေတယ်လို့ ကျွန်တော်ပြောလို့ရပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ပြစ်မှုကျူးလွန်သူတွေဟာ အမြင့်ဆုံးပြစ်ဒဏ်နဲ့ အနိမ့်ဆုံးပြစ်ဒဏ်အကြား ပြစ်မှုကျူးလွန်တဲ့ အခြေအနေပေါ်မူတည်ကာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အမိန့်ချရတာဖြစ်ပေမယ့် လက်ရှိမှာ စစ်ကောင်စီက ပြစ်ဒဏ်တွေအတွက် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခိုင်းတာကြောင့် တရားမျှတမှုရှိတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူတွေဟာ မိမိတို့ ကျူးလွန်တဲ့ ပြစ်မှုအပေါ် မူတည်ပြီး တရားရုံးအဆင့်ဆင့် အယူခံဝင်ခွင့် ရှိသလို စစ်ကောင်စီဘက်က အယူခံပိတ်ပင်မှုဟာ လူ့အခွင့်အရေးကိုပါ ထပ်မံချိူးဖောက်လိုက်တာ ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)ကတော့ စစ်အုပ်ချုပ်ရေး ကြေညာမှုဟာ စစ်ကောင်စီက လာမယ့် ရွေးကောက်ပွဲအတွက် နယ်မြေဒေသထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းမှုဖြစ်ကြောင်းနဲ့ လူသားတိုင်းအတွက် အခြေခံအ ခွင့်အရေးတွေပါ ဆုံးရှုံးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“သူတို့ကတော့ အဲဒီမြို့နယ်တွေက တစ်တိုင်းပြည်လုံး ကျန်တဲ့နေရာတွေနဲ့စာရင် သူတို့ထိန်းချုပ်နိုင်စွမ်း အကင်းမဲ့ဆုံးနေရာတွေဖြစ်တော့ ဒီနေရာတွေကို အခုသက်တမ်း ၆လတိုးတဲ့အတွင်းမှာ ပိုင်ပိုင်နိုင်နိုင်ထိန်း ချုပ်နိုင်ဖို့အတွက် တင်းတင်းကျပ်ကျပ် စစ်အုပ်ချုပ်ရေးကြေညာပြီးတော့ ကိုင်တွယ်မယ်လို့ ယူဆရတယ်။ ရည်ရွယ်ချက်ကတော့ ဒီ ၆လသက်တမ်းတိုးထားတာနဲ့ပဲ ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ပြီးတော့ ရွေးကောက်ပွဲလုပ်နိုင်အောင် ရည်ရွယ်ပုံရတယ်” လို့ပြောပါတယ်။

စစ်ကောင်စီဟာ စစ်အုပ်ချုပ်ရေး အမိန့် ကြေညာထားတဲ့ မြို့နယ်တွေမှာတော့ အုပ်ချုပ်ရေးထဲမှာ ပါဝင်တဲ့ လုံခြုံရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ကုန်သွယ်ရေးကိစ္စအပြင် သယ်ယူပို့ဆောင်ရေးကိစ္စတွေကိုပါ စစ်ကောင်စီစစ်တိုင်းမှူးနဲ့ ဒေသကွပ်ကဲရေးမှူးတွေကို လုပ်ပိုင်ခွင့် ပေးအပ်ထားတာ ဖြစ်ပါတယ်။စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေက စစ်ခုံရုံးတွေမှာ နိုင်ငံတော်ပုန်ကန်မှု၊ အစိုးရကိုအကြည်ညို ပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ လက်နက်အက်ဥပဒေအရပြစ်မှုတွေ၊ လူသတ်မှု၊ အစိုးရဝန် ထမ်းတစ်ဦးကို ပြစ်မှုကျူးလွန်စေဖို့ သွေထိုးလှုံ့ဆော်ခြင်းအပါအဝင် အမှုပေါင်း ၂၃ မျိုးကို စစ်ဆေးစီရင်နိုင်တယ်လို့ ဖော်ပြပါ ရှိပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာနိုင်ပြီး စစ်ဘောင်ပိုကျယ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.