လောင်းလုံး၊ ဖေဖော်ဝါရီ(၅)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာမှာ ဖေဖော်ဝါရီ ၃ ရက်နေ့ညက လက် ဖက်ရည်ဆိုင်ပိုင်ရှင် ပစ်သတ်ခံရပြီး နေအိမ်နဲ့ဆိုင်ပါ မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ ည ၁၂ နာရီ မထိုးခင်အချိန်လောက်မှာ တပ်အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီကား ၂ စီးဟာ လောင်းလုံးမြို့နယ် ကမြောကင်တံတားဘက်ကနေ မင်းရပ်ကျေးရွာဘက်ကို သေနတ်တွေ ပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့တာပါ။

အဲဒီနောက်မှာ စစ်ကောင်စီတပ်ဟာ အသက် ၅၀ နှစ်အရွယ် ဦးတင်လုံးလက်ဖက်ရည်ဆိုင်နဲ့ တွဲလျက်အိမ်ကို ဝင်ရောက်ရှာဖွေပြီးနောက် မိသားစုဝင်အားလုံးကို အိမ်အောက်ဆင်းခိုင်းကာ နေအိမ်နဲ့ လက် ဖက်ရည်ဆိုင်ကို မီးရှို့ခဲ့တာပါ။

နေအိမ်ကိုမီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်ဟာ အိမ်နားက ဌက်ပျောခြံထဲမှာ ဦးတင်လုံးကို ဖမ်း ဆီးခေါ်သွားပြီး သေနတ်နဲ့ပစ်သတ်ခဲ့သလို နေအိမ်ရှိဆိုင်ကယ် ၄ စီးကိုပါ သိမ်းဆည်းသွားခဲ့ပါတယ်။

ဒေသခံတွေအဆိုအရ ပစ်သတ်ခံရတဲ့ ဦးတင်လုံးဟာ ကျေးရွာမှာအေးချမ်းစွာနေထိုင်သူဖြစ်ပြီး ဈေးဆိုင်ဖွင့်ကာ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေသလို မည်သည့်နိုင်ငံရေးကိစ္စနဲ့မှ ပါဝင်ပတ်သက်သူမဟုတ်ဘူးလို့ ဆိုကြပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ မင်းရပ်ကျေးရွာထဲက နေအိမ်နေအိမ် ၄ လုံးထက်မနည်းကို ဝင်ရောက်စီးနင်းပြီး တန်းဖိုးရှိပစ္စည်းတွေ ယူသွားတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း အရပ်သား ၃၅၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး နေအိမ် ၂၀၀ နီးပါး မီးရှို့ဖျက်ဆီးခဲ့ထားရတယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Southern Monitor က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.