ပုလော၊ ဖေဖော်ဝါရီ(၅)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တန်းရှင်ရွာနဲ့ကဒဲကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်တပ် ရင်း(၁) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့ နေ့လည် ၁ နာရီလောက်က တန်းရှင်ရွာနဲ့ကဒဲကျေးရွားအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ တန်းရှင်ကျေးရွာထဲကို လက်နက်ကြီး ၈ လုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ ဒေသခံဒေါ်သန်းသန်းမွန် နေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေါ်သန်းသန်းမွန် လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့တာပါ။ ၂ နာရီနီးပါးအကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်အတွင်း PDF ရဲဘော်တွေ ထိခိုက်တာ မရှိပေမယ့် စစ်ကောင် စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း ပုလောမြို့နယ်၊ တိုရွာဘက်ကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိထားပါတယ်။

ပုးလောမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ဇန်နဝါရီလအတွင်း နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အဲဒီတိုက် ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာအပြင် မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် အလုံး ၂၀ ကျော် မီးလောင်ပျက်စီးခဲ့သလို ပြည်သူ ၄၀၀၀ ကျော်ဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေရတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.