ဂျကာတာ – ဖေဖော်ဝါရီ(၅) 

အင်ဒိုနီးရှားနိုင်ငံက တောင်တရုတ်ပင်လယ်မှာ ကျင့်ဝတ်ဆိုင်ရာ ညှိနှိုင်းမှုတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အဆင်သင့်ရှိနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆူဒီက ပြောပါတယ်။ 

ဂျကာတာမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမှု အပြီး နိုင်ငံခြားရေးဝန်ကြီးက အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကျင့်ဝတ်ဆိုင်ရာ ညှိနိုင်းမှုတွေကို အမြန် ဆုံး နိဂုံးချုပ်ဖို့ ကတိပြုထားတယ်လို့ ဆိုခဲ့တာပါ။ 

အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာပြီးတဲ့နောက် စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ ကြိုးပမ်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ 

“ထင်ရှားပြီး ခိုင်မာထိရောက်တဲ့ အရေးယူနိုင်သော ကျင့်ထုံးတစ်ခုရှိရန် ကျင့်ဝတ်ဆိုင်ရာ စေ့စပ် ညှိနှိုင်းမှုကို တတ်နိုင်သမျှ အမြန်ဆုံး နိဂုံးချုပ်ဖို့ အဖွဲ့ဝင်များ၏ ကတိကဝတ်သည် လိုအပ် ကြောင်း သတိပြုမိပါတယ်” အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆူဒီက ပြောခဲ့ပါ တယ်။  

တောင်တရုတ်ပင်လယ်ကို တရုတ်နိုင်ငံက နယ်မြေပိုင်ဆိုင်မှုတောင်းဆိုထားပြီး ဘရူနိုင်း၊ မလေးရှား၊ဖိလစ်ပိုင်နဲ့ ဗီယက်နမ် နိုင်ငံတို့ကလည်း နယ်မြေတောင်းဆိုထားသလို အမေရိကန် နဲ့ မဟာမိတ်တွေက တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်မှုကို စိန်ခေါ်ထားပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံဟာ တောင်းဆိုမှုမှာ ပါဝင်တဲ့ နိုင်ငံမဟုတ်ပေမယ့် အငြင်းပွားမှုဖြစ်နေတဲ့ နာတူနာ ကျွန်းတစ်ဝိုက်မှာ ငါးဖမ်းခွင့်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ထဲက တရုတ်နဲ့ ပွတ်တိုက်မှုတွေ ရှိနေတာဖြစ်ပါတယ်။ 

အာဆီယံနိုင်ငံတွေဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကို ဖြေရှင်း ဖို့ တရုတ်နဲ့ ကျင့်ဝတ်ဆိုင်ရာ ညှိနှိုင်းခွင့်ရအောင် ကြိုးပမ်းတာတွေလုပ်ဆောင်နေကြ ပါ။ 

အငြင်းပွားရေပိုင်နက်ဆိုင်ရာ အာဆီယံရဲ့ ပထမဆုံးသော ကြေညာချက်ကို ထုတ်ပြန်ခဲ့တဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကျင့်ဝတ်စည်းကမ်းတွေ ပိုမိုဖွံဖြိုးတိုးတက်လာခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် ကိုဗစ်ကြောင့် လူချင်းတွေ့ဆုံပွဲတွေ ကျင်းပဖို့ အခက်အခဲတွေ ရှိလာပြီးနောက်မှာတော့ ညှိနှိုင်းဆွေးနွေးမှုတွေ ရပ်တန့်သွားတယ်လို့ သိရပါတယ်။ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ နှစ်ရက်တာ တွေ့ဆုံမှုမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဟာ မြန်မာနိုင်ငံ အခြေအနေအတွက် ပြေလည်မှုရရှိဖို့ အဓိက သော့ချက်ဖြစ်တယ်လို့ ဝန်ကြီးတွေက သဘောတူခဲ့ကြပါတယ်။ 

“အကြမ်းဖက်မှုများကို လျှော့ချရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အချိန်မီနှင့် အတားအဆီးကင်းမဲ့စွာ ပေးအပ်နိုင်သောအခြေအနေကို ယင်းသို့တွေ့ဆုံဆွေးနွေးမှုမှ ဖန်တီးသင့်တယ်” လို့ ဝန်ကြီးတွေက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံတွင်းအခြေအနေတွေကို ဖြေရှင်းဖို့ ဘုံသဘောတူညီချက်(၅) ချက်နဲ့ ချဉ်းကပ်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.