ကြာအင်းဆိပ်ကြီး၊ ဖေဖော်ဝါရီ(၅)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ကလေးသူငယ်အများစုနဲ့ အမျိုးသ မီးတွေဟာ ဖျားနာတာ၊ ငှက်ဖျားဖြစ်တာ၊ ယားနာတာစတဲ့ ကျန်းမာရေးဆိုင်ရာ ရောဂါပြသနာတွေနဲ့ ရင်ဆိုင်နေရပြီး ငှက်ဖျားဆေးနဲ့ စောင်၊ အနွေးထည်တွေ အဓိကလိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေး နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ကြာအင်းဆိပ်ကြီးမြို့အနီးနဲ့ တောင်စွန်းကျေးရွာတွေဘက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ(၁)ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတို့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ကနဦးမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ လူထု (၁၅၀၀၀) ကျော် ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ(၁၅၀၀၀)ကျော်မှာ (၆၀၀၀)ကျော် ကျန်ရှိနေသေးပြီး စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေထဲကို ညစဉ်ညတိုင်း လက်နက်ကြီးရမ်း သမ်းပစ်ခတ်တာ၊ လေယာဉ်ပျံဝဲတာတွေကြောင့် နေရပ်ရွာကို ပြန်မရဲကြသေးဘဲ နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေထဲမှာ ပုန်းရှောင်နေထိုင်နေရတာပါ။

ဒီလို ဝေးလံခေါင်ဖျားဒေသနဲ့ တောတောင်တွေထဲ ပုန်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် စား နပ်ရိက္ခာ အဝတ်အထည် ဆေးဝါး စတာတွေ ထောက်ပံ့ကူညီမှုလုပ်ဆောင်ခဲ့သလို စစ်ဘေးရှောင်တွေအတွက် ဆေးဝါး ကုသရေးအစီအစဉ်တွေကို KNU ဒူးပလာယာခရိုင်၊ KYO ကရင်လူငယ်အစည်းအရုံးနဲ့ ချိတ်ဆက်ပူးပေါင်းပြီး လှည့်လည်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ်လုံးဆိုင်ရာ နွေဦးတော်လှန်ရေးဦးဆောင် ကော်မတီက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေထဲ ကလေးသူငယ်အများစုမှာ ယားနာနဲ့ ငှက်ဖျားရောဂါအဖြစ်များပြီး အမျိုးသမီးတွေကတော့ ဖျားနာနေကြတာကြောင့် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ စောင်၊ အနွေးထည် အခက် အခဲရှိသလို ငှက်ဖျားဆေးအထူးလိုအပ်လျက်ရှိနေတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။“ကလေးသူငယ်တွေ၊ အမျိုးသမီးတွေကျတော့ တော်တော်ဒုက္ခရောက်တာပေါ့။

ဒါကြောင့်ကော်မတီလေးတွေ စုဖွဲ့ပြီးတော့လေ ကျန်းမာရေးစောင့်ရှောက်မှုဘုတ်အဖွဲ့လေးပေါ့။ အဲဒါလေးနဲ့တတ်နိုင်သမျှ လိုက်ဆောင်ရွက် နေတာတော့ရှိတယ်။ အဲဒါလေးနဲ့ မလုံလောက်ဘူးပေါ့နော်။

အဓိကလိုအပ်တာကတော့ ငှက်ဖျားဆေး။ ရိက္ခာ လည်းအခက်အခဲရှိတယ်။ သူတို့မှာ အနွေးထည်တွေ၊ စောင်တွေကအစ မလုံလောက်ကြဘူး။ နေရာထိုင်ခင်း တွေကလည်း အလျဉ်းသင့်သလိုပဲ နေကြရတာ။ ကလေးသူငယ်အများစုက ယားနာတွေပေါက်ကြတယ်။ ပြီး သွားတော့ ငှက်ဖျားတွေဖြစ်ကြတယ်။

အမျိုးသမီးတွေမှာလည်းပဲ နေထိုင်စားသောက်ရတာတွေ အာဟာရ မပြည့်တာလည်း ပါမယ်။ ဖျားကြ၊ နာကြတာတွေရှိတယ်” လို့ဆိုပါတယ်

။ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့ကူညီပေးမှုနည်းပါးနေပြီး ပြင်ပကအဖွဲ့အစည်းတွေကလည်း လာရောက်ချိတ်ဆက်ကူညီမှုမရှိတဲ့အတွက် စစ်ဘေးရှောင်တွေကို တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားကူညီလုပ်ဆောင်ပေးနေကာ လိုအပ်ချက်တွေကတော့ အများကြီးရှိနေတယ်လို့ ဆိုပါတယ်။

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)ထိန်းချုပ်နယ်မြေထဲက ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ကျုံဒိုး စတဲ့နေ ရာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေးတင်း မာမှု အခြေအနေတွေကြောင့် စစ်ဘေးရှောင်အရေအတွက် ပိုမိုများပြားလာခဲ့သလို လူသားချင်းစာနာမှုအကူအညီတွေလည်း ပိုမိုလိုအပ်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.