ရန်ကုန် ၊ ဖေဖော်ဝါရီ (၄)

စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်ကနေ လက်ရှိပညာသင်နှစ်အထိ ကျောင်း သား၊ကျောင်းသူ အနည်းဆုံး ၈ သန်းကနေ ၁၀ သန်းအထိ ပညာသင်ယူခွင့်ဆုံးရှုံးနေတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ISP-Myanmar ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်မှာ ကျောင်းအပ်နှံသူ ၉ ဒဿမ ၂ သန်းကျော်ရှိခဲ့ပြီး ကျောင်းတွေပြန်ဖွင့်တဲ့ ၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်မှာ ကျောင်းတက်သူ ၂ ဒဿမ ၃ သန်းသာ ရှိခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာလည်း ၅ ဒဿမ ၆ သန်းအထိသာ ကျောင်းပြန်တက်ခဲ့ကြပြီး ပညာရေးကဏ္ဍဟာ ဆုတ်ယုတ်မှုများစွာဖြစ်ပေါ်ကာ ကျောင်းအပ်နှံမှု သိသိသာသာကျဆင်းခဲ့တာလို့ ISP-Myanmar က ဆိုပါတယ်။

ISP-Myanmar ရဲ့ ခန့်မှန်းတွက်ချက်မှုအရ အခြေခံပညာကနေ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံမှုမှာ စာသင်နှစ်တစ်နှစ်မှာဆိုရင် လူဦးရေတိုးတက်မှုနှုန်းပေါ်မူတည်ပြီး ပျှမ်းမျှ ၁၂ သန်း ဝန်းကျင် ရှိနိုင်တာကြောင့် အာဏာသိမ်းမှုအလွန် ပညာသင်နှစ် သုံးနှစ်တာကာလအတွင်း ပညာသင်ယူခွင့်ဆုံးရှုံးသူ အနည်းဆုံး ၈ သန်းကနေ ၁၀ သန်းထက်မနည်း ရှိနိုင်တယ်လို့ တွက်ချက်ထားပါတယ်။

ဒါ့အပြင် ဆရာ၊ဆရာမ ၄၃၀,၀၀၀ ရှိတဲ့ထဲက အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဆရာ၊ဆရာမ ၁၂၅,၀၀၀ ကျော်ကို စစ်ကောင်စီက ရာထူးကနေ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ISP-Myanmar က ထုတ်ပြန်ခဲ့တဲ့ ဒီအချက်အလက်တွေဟာ အခြေခံပညာရေးကနေ အထက်တန်းအဆင့် ပညာရေးအထိ ပါဝင်နေကြတဲ့ ကျောင်းသား၊ကျောင်းသူတွေနဲ့ ဆရာ၊ဆရာမတွေရဲ့ စာရင်းတွေကို စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကနေ ရယူထားတာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၃၀ ရက်မှာဖော်ပြခဲ့တဲ့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ သတင်းတစ်ရပ်မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းတက်နေသူ ၇ ဒဿမ ၂၃ သန်းကျော် ရှိကြောင်း ထည့်သွင်းထားတယ်လို့ ISP-Myanmar က ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ စစ်အာဏာသိမ်း ၂ နှစ်အတွင်း ကလေး သူငယ် ၃၇၇ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၂၈၆ ဦးကတော့ သေဆုံးခဲ့ရတယ်လို့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.