မော်လမြိုင် – ဖေဖော်ဝါရီ(၄)

၂၀၂၃ ခုနှစ်မှာ တစ်နှစ်မဟာဗျူဟာ အစီအစဉ်အရ ဆောင်ရွက်နေကြပြီး တစ်သံတည်းညီ တစ်ချီတည်းရုန်းကြရမှာဖြစ်တယ်လို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင် အလုပ်သမားဝန်ကြီး နိုင်သုဝဏ္ဏ က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၃) ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ စစ်ကိုင်းတိုင်း၊မကွေးတိုင်း ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲ (၅/၂၀၂၃) မှာ အခုလိုပြောခဲ့တာပါ။

“လက်ရှိကာလမှာ တိုက်ပွဲဆင်နေတဲ့ ကာလဖြစ်လို့ အင်မတန်မှ သတိကောင်းစွာ ထားကြရမှာ ဖြစ်ကြောင်း၊ အားလုံး လက်ရှိအနေအထားကို ကြိုးကြိုးစားစားနဲ့ ဆောင်ရွက်သွား ကြပါ” လို့ အလုပ်သမားဝန်ကြီး နိုင်သုဝဏ္ဏက ပြောခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ စစ်ကိုင်း၊မကွေးတိုင်းက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက မြေပြင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ခရိုင်အတွင်း နယ်မြေကွင်းဆင်းစစ်ဆေးမှု တွေအပေါ် လုပ်ငန်းဆောင်ရွက်မှု၊အကြံပြုချက်၊သုံးသပ်ချက်တွေကို ရှင်းလင်းခဲ့ပြီး သက်ဆိုင် ရာ ဌာနအသီးသီးရဲ့ တာဝန်ရှိသူတွေကလည်း ဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ရှင်းလင်း ခဲ့ကြပါတယ်။

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုအစည်းအဝေးကို ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ဒုတိယပြည်ထောင်စုဝန်ကြီးတွေ၊အမြဲတမ်းအတွင်းဝန်တွေ၊ တွဲဖက် အမြဲတမ်းအတွင်းဝန်တွေနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.