မော်လမြိုင် – ဖေဖော်ဝါရီ(၄)

နိုင်ငံတဝှမ်းမှာ စစ်ကောင်စီက ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊စစ်ရာဇဝတ်မှု နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် ဂျာမနီနိုင်ငံ တရားရုံးမှာ တရားစွဲခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီက ကယားပြည်နယ်မှာ ပြည်သူ(၄၀) ဝန်းကျင်ကို မီးရှို့သတ်ခဲ့တဲ့ ဖြစ်စဉ်၊ စစ်ဘေး ရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ ရီးခီးဘူးဖြစ်စဉ်တွေအပါအဝင် နိုင်ငံတဝှမ်းမှာ စစ်ကောင်စီကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို တရားရုံးမှာတင်သွင်းခဲ့တာပါ။

Fortify Rights နဲ့အတူ မြန်မာနိုင်ငံက တိုင်ကြားသူ (၁၆)ဦးက ဂျာမနီနိုင်ငံတရားရုံးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၀) ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပြီး (၂၅) ရက်နေ့မှာတော့ အမှုကိုလက်ခံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်အုပ်စုကို တရားစွဲတာဟာ နစ်နာကြေးရဖို့မဟုတ်ဘဲ နစ်နာသူတွေအတွက် တရားမျှတမှုရရှိဖို့ဖြစ်တယ်လို့ ဦးဗညားက ပြောပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မိသားစုတွေနဲ့ စစ်ကောင်စီကြောင့် ဆုံးရှုံးနစ်နာခဲ့ရသူတွေ အတွက် တရားမျှတမှုရဖို့ လုပ်ဆောင်တာဖြစ်သလို နောက်ထပ် ကျူးလွန်မှုတွေ မဖြစ်အောင်လည်း တားဆီးနိုင်တာကြောင့် အခုလိုတရားစွဲဆိုတာ ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

လက်ရှိအချိန်မှာတော့ တရားရုံးကို တင်သွင်းထားပြီးဖြစ်တဲ့အတွက် တရားရုံးက တရားစွဲခွင့်ပြု မပြုကို သိရဖို့ အချိန်(၃) လလောက်စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ သိရပါတယ်။

တရားရုံးမှာ ဘယ်အချက်တွေနဲ့ ဘယ်သူတွေကို အဓိက တိုင်ကြားပြီး တင်သွင်းထားတယ်ဆိုတာ နဲ့ပတ်သက်လို့ သံလွင်တိုင်းမ်က မေးမြန်းခဲ့ပေမယ့် အခုချိန်မှာထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်သွားပါတယ်။

ပြည်သူတွေကို မတရားမှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို ဂျာမနီတရားရုံးအပြင် တခြားနိုင်ငံတကာခုံရုံးတွေမှာလည်း တရားစွဲနိုင်ဖို့အတွက် ကရင်နီလူ့အခွင့်အရေးအဖွဲ့ ကလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား(၃၀၀၀) နီးပါးကို စစ်ကောင်စီ လက်အောက်ခံတပ်တွေက သတ်ဖြတ်ထားပြီး နိုင်ငံရေးသမားတွေအပါအဝင် တက်ကြွလှုပ်ရား သူ (၂)သောင်းနီးပါးကိုလည်း ဖမ်းဆီးထိမ်းသိမ်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.