Lion Battalion Commando ဗျူဟာစစ်ကြောင်းပြောခွင့်ရ တောင်ပိုင်းနဂါးနဲ့တွေ့ဆုံမေးမြန်းမှု။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီနဲ့အနီးတဝိုက်ရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၂) ရက်နေ့ကနေ (၂၆) ရက်နေ့အထိ ဗိုလ်စောအယ်စေးဝါး ဦးစီးတဲ့ Lion Battalion Commando ပူးပေါင်းစစ် ကြောင်းနဲ့ စစ်ကောင်စီ လက်အောက်ခံ အမှတ် (၅၄၅)တပ်ရင်းတို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲဖြစ်စဉ်မှာ ဗိုလ်စောအယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion Commando ပူးပေါင်းစစ်ကြောင်းက ကမ်းနီကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် နေအိမ်တွေကို မီးရှို့ရာမှတဆင့် ကမ်းနီကျေးရွာအတွင်း ရှိ နေအိမ် ၂၁ လုံး နဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ညောင်ရိပ်ကျေးရွာ နေအိမ်၁၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီသထုံခရိုင်က ဇန်နဝါရီ ၂၉ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဒါ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကမ်းနီကျေးရွာက နေအိမ် (၃) လုံး၊ ညောင်ရိပ်ကျေးရွာက နေအိမ် (၁) လုံး၊ သရက်တောကျေးရွာမှာ နေအိမ် (၇) လုံးထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် ကမ်းနီနဲ့အနီးတဝိုက်ရှိ ကျေးရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အခြေအနေ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီး ခံရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး Lion Battalion Commando ဗျူဟာစစ်ကြောင်း ပြောခွင့်ရ တောင်ပိုင်း နဂါးနဲ့တွေ့ဆုံမေးမြန်းမှု။

-အရင်ဆုံး Lion Battalion Commando ပူးပေါင်းစစ်ကြောင်းအနေနဲ့ ကမ်းနီကျေးရွာကို ဘာသတင်းကြားလို့ သွားခဲ့တာလဲ။

အဓိကကတော့ ကျွန်တော်တို့အထိုင်ချထားတဲ့ နယ်မြေထဲမှာ စကစလက်အောက်ခံ (၅၄၅),(၅၄၆)တပ် ရင်းတွေက စစ်ကြောင်းထိုးလာတယ်သတင်းရလို့ ကျွန်တော်တို့က သွားပြီးတော့ ထိတွေ့မှုဖြစ်ခဲ့တာပေါ့။

-ကမ်းနီကျေးရွာကို Lion Battalion Commando ပူးပေါင်းစစ်ကြောင်းရောက်တော့ ရွာက ဘယ်လို အခြေအနေ ဖြစ်နေလဲ။

သူတို့စစ်ကြောင်းထိုးလာတာ ကြားကြားချင်းမှာပဲ သက်ဆိုင်ရာ ပူးပေါင်းတပ်ဖွ့ဲတွေ၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ကျွန်တော်တို့ ဒီနယ်မြေထဲမှာ ဖြတ်တောက်ရမယ့်နေရာ၊ ပိတ်ဆို့ရမယ့်နေရာတွေကို အစီအစဉ်ချတယ်။ ပြီးရင် သူတို့စစ်ကြောင်းထိုးရမယ့်နေရာတွေကို သွားပြီးတော့ နေရာယူကြတာပေါ့။ အဓိကက ကျွန်တော်တို့ ကမ်းနီကို ဝင်လာတဲ့အချိန်မှာ သူတို့နောက်ကို ဆုတ်သွားတယ်။ သူတို့ဆုတ်သွားတဲ့နေရာကို အလျင်အမြန်ပဲ နေရာယူ တယ်။ အဲဒီအချိန်မှာပဲ သူတို့ကစပြီးတော့ ရွာထဲကိုလက်နက်ကြီးနဲ့ ပစ်တာပေါ့။ အဲဒီနောက်ပိုင်းမှာ ထိတွေ့မှု တွေ (၂၀)ရက်ကနေ (၂၆)ရက်အထိ ဆက်တိုက်ဖြစ်ခဲ့တာပေါ့။

-စစ်ကောင်စီစစ်ကြောင်းက ဘာကြောင့် ကမ်းနီကျေးရွာထဲကို ဝင်လာတယ်လို့ မြင်ပါသလဲ။

အဓိကသူတို့ဝင်လာတဲ့ အကြောင်းအရင်းက ဘုရားသုံးဆူကတပ်ကို တခြားမြို့ပြအဖွဲ့တွေကနေပြီး ဝင်တိုက် တယ်။ အဲဒီအချိန်မှာပဲ သူတို့ကို ကျွန်တော်တို့ စစ်ကူဖို့လာတဲ့ စစ်ကြောင်းတွေလို့ ယူဆရတယ်။ ကြာအင်းဆိပ် ကြီးကနေ ဘုရားသုံးဆူဘက်ကို ဖြတ်တက်မယ့်စစ်ကြောင်းလို့ ကျွန်တော်တို့ယူဆရတာပေါ့နော်။ ဒီကြားထဲမှာ လည်း ကျွန်တော်တို့က ရှေ့မှာ ပွဲတွေ နွှဲခဲ့ဖူးတဲ့အခါကျတော့ သူတို့နယ်မြေကို ကျွန်တော်တို့ ထိုးဖောက်နေတာ တအားများပြီ။ ကျွန်တော်တို့က ထိုးဖောက်ဝင်ရောက်မယ့်ကမ်ပိန်းနဲ့အတူ ကော့ကရိတ်ကနေအစပြုပြီး တိုက်ပွဲ တွေ တောက်လျှောက်ဆင်နွှဲခဲ့တယ်။ အဲဒီအတွက်ကြောင့် စစ်ကောင်စီက အထိနာတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ဘက်ကို ပြန်ပြီးတော့ စစ်ကြောင်းထိုးလာတယ်လို့ ယူဆတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော် တို့ကနေ ဘုရားသုံးဆူဘက်ကနေ ကျွန်တော်တို့မဟာမိတ်အဖွဲ့တွေကိုလည်း သူတို့စစ်ကြောင်း ရောက်မသွား အောင် စိုးမိုးနယ်မြေကိုပဲ ကျွန်တော်တို့က ခိုင်ခိုင်မာမာဖြစ်အောင် ကျွန်တော်တို့က ပြန်ပြီးတည်ဆောက်တဲ့ သဘောပါပဲ။ အဓိကကတော့ ကျွန်တော်တို့ PDF တွေ၊ EAOအဖွဲ့တွေ တောထဲကနေထွက်လာပြီး မြို့ပြတိုက် ပွဲတွေ ဆင်နွှဲလာတဲ့အပေါ် သူတို့အနေနဲ့ စိုးရိမ်လာတဲ့အပိုင်းတွေ ရှိတယ်။ အဲ့အတွက်ကြောင့်မို့ သူကပြန်ပြီး တော့ သူတို့စစ်ကြောင်းကိုခိုင်းတာပေါ့။ မင်းတို့ ဒီလိုမျိုးဖြစ်လို့ မရဘူး။ အထိနာတဲ့အပေါ်မှာ ပြည်သူတွေက လည်း ဘာပဲပြောပြော ကျွန်တော်တို့ဘက်ကနေ ရပ်တည်ပေးတဲ့ အခါကျတော့ သူတို့အနေနဲ့ ပြန်ပြီးတော့ နယ်မြေစုဖွဲ့မှု ပြန်လုပ်တဲ့သဘောပဲပေါ့။

-ကမ်းနီးကျေးရွာတိုက်ပွဲဖြစ်စဉ်မှာ မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဘာများပြောကြားချင်တာ ရှိမလဲ။

အဓိကက ကျွန်တော်တို့က ဒီလိုအလုပ်မျိုးကို လုပ်စရာအကြောင်းလည်းမရှိဘူး။ အခုလည်း မလုပ်သလို နောင်လည်းလုပ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့က ပြည်သူကို ကာကွယ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ပြည်သူ့ အသံကို နားထောင်ပြီး ပြည်သူဖြစ်ချင်တဲ့ဆန္ဒကို ပုံဖော်ပေးနေတဲ့ အဖွဲ့ဖြစ်တယ်။ ဒါကြောင့် ဒီလိုကိစ္စတွေ ကတော့ သူတို့အနေနဲ့ စွပ်စွဲတယ်ဆိုတဲ့နေရာမှာ သတင်းထုတ်ပြန်တာမှာ ခိုင်ခိုင်မာမာလေးရှိဖို့ ကျွန်တော်တို့ အနေနဲ့ ပြောချင်တယ်။ တကယ်လို့သာ ကိုယ့်ရဲ့လူမျိုးကို ချစ်တယ်။ ကိုယ့်ပြည်သူလူထုကို ချစ်တယ်ဆိုရင် ပြည်သူလူထုအသံကို နားထောင်ရမယ်။ ပြည်သူဖြစ်ချင်တဲ့ ဆန္ဒကိုဖြည့်ဆည်းပေးရမယ်။ အခုဟာက ကိုယ့်ရဲ့ ကိုယ့်ကျိုးစီးပွားတစ်ခုတည်းအတွက်နဲ့ ဒီစကစနဲ့လက်တွဲပြီးတော့ စစ်ကောင်စီအလိုကျ လိုက်လုပ်ပေးနေတဲ့ အပေါ်၊ စာထုတ်ပြန်တဲ့အပေါ်မှာတော့ ကျွန်တော်တို့ဘက်ကနေ ပြတ်ပြတ်သားသား ပြန်ပြီးတော့ တုံ့ပြန်သွားဖို့ ရှိပါတယ်။

-ကမ်းနီကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်နေအိမ်တွေ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြပေးပါဦး။

အဲဒီကျွန်တော်တို့ လက်နက်ကြီးတွေနဲ့ပစ်တာ။ ဟောင်ဝစ်ဆာတွေပါပါတယ်။ သူက ဝမ်းတွမ်တီးရဲ့ သဘောရားကတော့ သဘောတရားကကျရင် မီးမလောင်ဘူး။ ပေါက်ကွဲသွားတာပေါ့။ ပေါက်ကွဲမှုတွေ လွင့်စင်သွားတယ်။ ဒါပေမယ့်ဟောင်ဝင်ဆာ ကတော့ ကျရင် မီးလောင်တတ်တဲ့ သဘောရှိတယ်။ ကျတဲ့အိမ်ပေါ်မှာ မီးလောင်စေတဲ့ လောင်စာဆီလိုမျိုး၊ မီးလောင်မှုကို အားပေးတဲ့ ပစ္စည်း မျိုးတွေ ရှိနေရင်ဒါမျိုးက ပိုပြီးတော့မီးကကြီးသွားနိုင်တာပေါ့။ အဲဒီအချိန်မှာလည်း ကျွန်တော်တို့ဆီမှာ မှတ်တမ်း ဗွီဒီယိုတွေ အကုန်လုံးရှိပါတယ်။ သူတို့ပစ်တဲ့ လက်နက်ကြီးကြောင့် အိမ်တွေ မီးလောင်သွားတယ်ဆိုတာ

ပြီးတော့ ကျွန်တော်တို့က မီးငြိမ်းခွင့်မပေးဘူးဆိုတာ သူတို့ကထည့် ပြောထားတာတွေ ရှိတယ်။ တကယ့် တ ကယ် တိုက်ပွဲဖြစ်နေတဲ့အချိန်ဆိုရင် ရွာထဲမှာက ဘယ်သူမှ မနေနိုင်ဘူး။ အားလုံးက လက်နက်ကြီးကျတဲ့ အချိန်မှာဆို အားလုံးက လက်နက်ကြီးသံကျရင် ရွာထဲကနေ အကုန်လုံးက စွန့်ခွာလာပြီးထွက်ပြေးသွားကြတာ ချည်းပဲ။ မီးငြိမ်းသတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ ကိုယ်တိုင်အကြောင်းကြားပေးခဲ့တာပေါ့။ မီးလောင်နေပြီ၊ မီးမတားဘူးဆိုရင် တခြားအိမ်တွေကို ကူးသွားမယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့ ကိုယ်တိုင်ပဲ အသိပေးသင့်သူတွေ အသိပေးပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာပေါ့နော်။ ဒီလိုဖြစ်စဉ် ကတော့ ကျွန်တော်တို့အနေနဲ့ ဘယ်တော့မှလည်း လုပ်မှာမဟုတ်သလို နောင်လည်းလုပ်မှာမဟုတ်ပါဘူး။

-Lion Battalion Commando ပူးပေါင်းစစ်ကြောင်း ကမ်းနီကျေးရွာကို ရောက်တော့ဒေသခံတွေဘက်က ဘယ်လို သဘောထားရှိလဲ။

သူကနေရာတိုင်းမှာတော့ အမြင်တွေက အမျိုးမျိုးရှိကြတာပေါ့။ ကျွန်တော်တို့ကို လိုလားတဲ့ အဖွဲ့ရှိချင်ရှိမယ်။ မလိုလားတဲ့အဖွဲ့ရှိရင် ရှိမယ်။ အဖွဲ့အစည်းထဲမှာလည်း ဒီလိုပဲ ။DKBAမှာလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းချင်တဲ့ အဖွဲ့တွေရှိတယ်။ စစ်ကောင်စီနဲ့ပူးပေါင်းချင်တဲ့ အဖွဲ့တွေ ရှိတယ်။ BGFထဲမှာလည်း ဒီအတိုင်းပဲ။ KNUထဲမှာ လည်း ဒီအတိုင်းပဲ။ အဲဒီတော့ လူအမျိုးမျိုး၊ စိတ်အထွေထွေဖြစ်တော့ ကျွန်တော်တို့ကို ဘယ်လိုသဘော ထားတယ်ဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမယ့် အများအားဖြင့်ကတော့ ကျွန်တော်တို့ဘက်က ရပ်တည်ပေး ကြတာများပါတယ်။ သူတို့တွေမျှော်လင့်ကြတယ်။ လုပ်ချင်ရာလုပ် ငါတို့ရွာထိခိုက်ရင် ထိခိုက်ပါစေ။ ဒီကောင် တွေ အထိနာရင်ပြီးရော ဒီကောင်တွေပြတ်ပြတ်သားသားတုံပြန်မယ်။ ကျွန်တော်တို့ ဒီလိုလူမျိုးပဲ အများဆုံး ကြုံတွေ့ခဲ့ရတယ်။

-ကမ်းနီးကျေးရွာ အနီးတဝိုက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှု အခြေအနေက ဘယ်လို ရှိနေလဲ။

ကျွန်တော်တို့က ထိတွေ့တိုက်ပွဲဖြစ်တဲ့နေရာမှာ အဓိကကတော့ သူတို့အင်အားက (၁၅၀)လောက်ရှိတဲ့တာ ပေါ့။ စစ်ကြောင်းထိုးလာရင် (၁၅၀)လောက်ရှိတယ်။ ကျွန်တော်တို့ ဒီ(၂၀)ကနေ(၂၆) အထိ တောက် လျှောက်ဖြစ်တယ်။ တိတိကျကျပြောရမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ စာရင်းပြုစုထားတာ တော့ ရှိတယ်။ သူတို့ဘက်ကနေ(၉၀)ကျော်လောက်ကျတယ်။ (၅၀)ကျော်လောက် ဒဏ်ရာရတယ်။ သူတို့အလောင်းတွေဆို ပြန်မသယ်နိုင်လို့ မြစ်ထဲကို မျောရတာတွေ ရှိတယ်။ လက်နက်တွေကအစ သူတို့ ကျွန်တော်တို့ သိမ်းမှာစိုးလို့ ချောင်းထဲကို ပစ်ချတာတွေရှိတယ်။ ကျွန်တော်တို့ အဲဒါတွေကို ရေငုပ်ပြီး သေချာပြန်ရှာတာ ကျွန်တော်တို့ အဲ့လိုမျိုးလုပ်နေတယ်။

-တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ အခြေအနေမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပေါ်ဘာတွေများ ပြောချင်တာ ရှိမလဲ။

အဲဒါက ပြောရမယ်ဆိုရင် ကျွန်တော်တို့ စစ်ကြောင်းက လက်ရှိအချိန်မှာ စစ်ရေးဖော်ဆောင်မှု အများဆုံးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီကို ထိုက်သင့်သလောက် Income ဝင်လာတာတွေက သိပ်မရှိဘူး။ FUNDING ပိုင်းမှာဆိုလည်း ကျွန်တော်တို့မှာ အားနည်းတဲ့အပိုင်းတွေ ရှိတယ်။ စစ်ကောင်စီကနေ digital marketing မှာ ဘဏ်စနစ်တွေကို လိုက်ပြီးတော့ ပိတ်တာတွေ ရှိတယ်။ ကျွန်တော်တို့ ဒီကclick to donateတို့ သွားတဲ့လိုင်းတွေကို လိုက်ပိတ်တာမျိုးတွေ ရှိတယ်။ အစစအရာရာ ဖိနှိပ်ခံရတာတွေ ရှိတယ်။ နိုင်ငံခြားငွေလဲစ နစ်ဆိုလည်း ဥပမာ_ပြည်ပရောက်တိုင်းရင်းသားတွေဆို ကျွန်တော်တို့ကို ဒီနွေဦးတော်လှန်ရေးမှာ အများ ဆုံးပံ့ပိုး ပေးတာ။ ငွေကြေးစီးဆင်းမှုတွေ သူတို့တိုင်းတပါးမှာနေရထိုင်ရ ခက်အောင်လုပ်တဲ့အခါ ကျွန်တော်တို့ မှာ အစစအရာရာ နည်းနည်းလေးခက်ခဲလာတဲ့အပိုင်းတွေ ရှိတာပေါ့။ NUGအပေါ်လည်း ကျွန်တော်ပြော ချင်တာရှိတယ်။ အဲဒါ ဘာလဲဆိုတော့ ဒီနေ့ဒီအချိန်အထိ စစ်ရေးဖော်ဆောင်မှု အများဆုံးဖြစ်တဲ့ စစ်ကြောင်း တစ်ခုပေါ့နော်။ အခုချိန်ထိ ဘာမှကျွန်တော်တို့ကို ထောက်ပံ့ပေးတာ မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဘယ် သူက ထောက်ပံ့သည်ဖြစ်စေ၊ မထောက်ပံ့သည်ဖြစ်စေ ကျွန်တော်တို့လုပ်စရာရှိတာ ပြတ်ပြတ်သားသား လုပ် သွားမယ်။ ကျွန်တော်တို့ဘက်မှာ ပြည်သူတွေ ရှိနေသ၍ ကျွန်တော်တို့ကတော့ အကောင်းဆုံးဖြစ်အောင် ဆက် လက်ကြိုးစားသွားမယ်။ ဒါပေမယ့် အဲဒီလို ထောက်ပံ့မှုတွေရှိရင် ပိုပြီးတော့အဆင်ပြေတာပေါ့။

-နောက်ဆုံးအနေနဲ့ နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ဘာတွေများ ဖြည့်စွက် ပြောကြားချင်တာ ရှိမလဲ။

ကျွန်တော်တို့က ပြောရမယ်ဆိုရင် ကရင်တွေလွတ်မြောက်ဖို့ တိုက်နေတာလည်း မဟုတ်ဘူး။ မွန်တွေလွတ်မြောက်ဖို့ တိုက်နေတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံထဲမှာနေတဲ့ တိုင်းရင်းသား လူမျိုးစုအားလုံး စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ပြီးတော့ လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် တိုက်နေတာပေါ့။ အဲဒီ အတွက်ကြောင့်မို့ ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံအနှံ့ကို မလွဲမသွေ တိုက်ပွဲဖော်ဆောင်ရမှာပဲ။ အဲဒီလိုဖော် ဆောင်တဲ့နေရာမှာ ပြည်သူလူထုကို ထိခိုက်မှုအနည်းဆုံးနဲ့ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် ကျွန်တော် တို့ ရဲဘော်တွေ စနစ်တကျလေးတပ်စိတ်မှူး၊ တပ်ဖွဲ့မှူး၊ တပ်ခွဲမှူးတွေ တပ်ရင်းမှူးတွေကအစ ကျွန်တော်တို့ သေချာလေးသင်တန်းပေးနေတာမျိုးတွေ ရှိတယ်။ ရဲဘော်တစ်ယောက် လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်း တွေ၊ နိုင်ငံတကာ စစ်ဥပဒေကိုလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ကျွန်တော်တို့ သေချာလေး သင်ပေးနေ တာရှိတယ်။ ပြည်သူလူထုအနေနဲ့ကလည်း တိုက်ပွဲတွေ မလွှဲမသွေကြုံလာရမှာမို့ သူတို့အနေနဲ့ လိုအပ်တဲ့ တိုက်ပွဲဗဟုသုတကို ကိုယ်တိုင်လေးလည်း လေ့လာထားစေချင်တယ်။ ဥပမာ-ဆေးဝါးပစ္စည်းတွေ ရိက္ခာတွေ ဗုံးခိုကျင်းတွေ သေချာလေး ပြင်ဆင်ထားစေချင်တယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.