မော်လမြိုင် ၊ ဖေဖော်ဝါရီ(၁)
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်တာကာလအတွင်း မြန်မာ့စီးပွားရေးဟာ မသေချာမရေရာမှုတွေနဲ့ ကြုံတွေ့နေရဆဲ ဖြစ်တယ်လို့ မနေ့ ဇန်နဝါရီ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။
မြန်မာ့စီးပွားရေးဟာ ပဋိပက္ခတွေကြောင့် စီးပွားရေးကိုအနှောင့်အယှက် ဖြစ်စေတဲ့အတွက် မသေချာ မရေရာမှုတွေနဲ့ ကြုံတွေ့နေရဆဲဖြစ်သလို စစ်တပ်အာဏာသိမ်းပြီး (၂)နှစ်တာကာလအတွင်းမှာလည်း ကျပ်ငွေတန်ဖိုး (၅၀) ရာခိုင်နှုန်းအထိ လျော့ကျခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ မြန်မာကျပ်ငွေတန်ဖိုး ပြန်လည်တည်ငြိမ်လာပေမယ့် နိုင်ငံခြားငွေပြတ်တောက် တာ၊ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် သွင်းကုန်တင်သွင်းမှု အကန့်အသတ် ဖြစ်နေသလို နိုင်ငံခြားငွေကိုကျပ်ငွေနဲ့ မဖြစ်မနေလဲနေရတာကြောင့်လည်း လုပ်ငန်းပြိုင်ဆိုင်နိုင်မှု လျော့ကျစေတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ စီးပွားရေးပြဿနာဟာ မြန်မာတန်ဖိုးကျဆင်းနေတာ၊ သွင်းကုန် ပစ္စည်းတွေ ဈေးနှုန်းအဆမတန် မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် အခက်ကြုံနေရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ငွေဈေးတွေကလည်း အခုထိတော့ငြိမ်တယ်လို့ ပြောလို့ မရသေးဘူးပေါ့လေ။ မြန်မာငွေကျတဲ့ဘက်မှာပဲ ရှိနေသေးတယ်။ ကုန်ထုတ်လုပ်မှုအပိုင်းမှာဆိုလည်း သယ်ယူပို့ဆောင်ကိစ္စမှာလည်း ကြန့်ကြာမှုတွေ တော် တော်များတယ်လေ။ ညောင်ခါးရှည်ဆိုရင်လည်း ကုန်ကားတွေကအဲဒီမှာ နှစ်ရက်လောက်အချိန် ကုန်ကြတာလေ။ ကုန်ဈေးနှုန်းတွေ၊ ကားခတွေ၊ သယ်ယူပို့ဆောင်ရေး စရိတ်စကတွေ တက်လာတယ်။ ကြန့်ကြာမှုတွေများနေတာပေါ့” လို့ ပြောပါတယ်။
ကမ္ဘာ့ဘဏ်ကတော့ လက်ရှိစီးပွားရေး အကျပ်အတည်းအတွင်း ပြည်တွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတချို့ခံနိုင်ရည်ရှိနေပေမယ့် ပြည်သူတွေရဲ့ အိမ်ထောင်စုဝင်ငွေနဲ့ တိုးတက်လာမှု အလားအလာတွေကတော့ အားနည်းနေသေးတယ်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း စီးပွားရေးလုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ နောက်ဆက်တွဲ ပြဿနာတွေကြောင့် မပြိုလဲအောင် ထိန်းသိမ်းထားရတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။
“လုပ်ငန်းငါးခုလောက်ရှိတဲ့သူက သုံးခုလောက်ပိတ်သွားတယ်။ ဒါကိုနာလန်ထူဖို့ အတွက်ကလည်း နောက်ထပ် သုံးနှစ်လောက်ထပ်ကြာမယ်။ နောက်ထပ်သုံးနှစ်လောက်မှ လုပ်ငန်းတွေပြန်ကောင်းပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေလာတော့မှပဲ ကောင်းနိုင်မယ်။ ဒီအတိုင်းဆိုလို့ရှိရင်တော့ ကိုယ့်နိုင်ငံထဲကပိုက်ဆံပဲ ကိုယ့်နိုင်ငံအနေအထားနဲ့ ဆိုရင်မလွယ်ဘူး” လို့ဆိုပါတယ်။
ဒါပေမယ့် ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေး တဖြည်းဖြည်းပြန်လည် ဦးမော့လာနိုင်ကြောင်းနဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်မှာ စီးပွားရေးတိုးတက်မှု ၃ ရာခိုင်နှုန်းလောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
စီးပွားရေးပညာရှင်တွေကတော့ ကမ္ဘာ့ဘဏ်က စီးပွားရေးတိုးတက်လာနိုင်တယ်လို့ သုံးသပ်မှုဟာ ရေနံနဲ့ သ ဘာဝဓါတ်ငွေ့လုပ်ငန်းအခြေအနေကို ခြုံငုံစဉ်းစားချက်ဖြစ်နိုင်ကြောင်းနဲ့ မြေပြင်မှာတော့ ကုန် ထုတ်လုပ်မှုအပါအဝင် SME လုပ်ငန်းအများစုရပ်တည်ဖို့ ပိုမိုခက်ခဲလာတယ်လို့ ထောက်ပြတာပါ။
ကမ္ဘာ့ဘဏ်ကတော့ နိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ ဆိုးရွားတဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ မူဝါဒ အပြောင်းအလဲတွေကြောင့်လည်း မြန်မာ့စီးပွားရေးအပေါ် ဆိုးရွားတဲ့သက်ရောက်မှုတွေ ဆက်ရှိနေပြီး လူတစ် ဦးချင်းရဲ့ ဂျီဒီပီဟာ ကိုဗစ်ကာလမတိုင်မီ ကာလအောက် (၁၃) ရာခိုင်နှုန်း ရောက်ရှိနေတယ်လို့ ဆိုထားပါ တယ်။
သတင်း – သံလွင်တိုင်းမ်