လမိုင်း၊ ဖေဖော်ဝါရီ(၁)
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘေးကလွဲရွာ၊ ကြိုးတံတားချောင်းအနီးမှာ မနေ့ ဇန်နဝါရီ (၃၀) ရက် နံနက် (၁၀) နာရီဝန်းကျင်အချိန်လောက်က ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေ ထောက်ပြတ်ရှ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်ရှ ဒဏ်ရာရရှိခဲ့သူမှာ အသက် (၇၀) နှစ်ဝန်းကျင်အရွယ်ရှိ နိုင်ကိုးမိုင်ဖြစ်ပြီး သူရဲ့ခြံအနီးရှိ ရေပိုက်လိုင်းသွားရောက်ပြုပြင်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။
မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဘယ်ဘက်ခြေထောက်ပြတ်ရှ ဒဏ်ရာရရှိခဲ့သူ နိုင်ကိုးမိုင်ကို လူမှုကယ် ဆယ်ရေးအဖွဲ့တွေက လမိုင်းဆေးရုံကနေ မော်လမြိုင်မြို့ရှိ ကုတင် (၃၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
နိုင်ကိုးမိုင်မှာ မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ ကြိုးတံတားချောင်းအနီးမှာ စစ်ကောင်စီတပ်က ကင်းစခန်းထိုင်ထားတာ ဖြစ်ပြီး အဲဒီကင်းခစန်းကို တော်လှန်ရေးအင်အားစုတွေက မကြာခဏလာရောက် တိုက်ခိုက်ခဲ့တာပါ။
တော်လှန်ရေးအင်အားစုတွေ မကြာခဏ လာရောက်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်က စခန်း ပတ်လည်နဲ့ တချို့နေရာတွေမှာ မြေမြှုပ်မိုင်းတွေထောင်ထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
လမိုင်းမြို့မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ကိုးမိုင်အပါအဝင် ဒေသခံအမျိုးသား ၂ ဦးဟာ ကြိုးတံတားချောင်းအနီးမှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ရွှေဟင်္သာ ပရဟိတလူမှုကူညီရေးအသင်း