မော်လမြိုင်၊ ဖေဖော်ဝါရီ(၁)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်ကောင်စီဘက်က အခုရက်ပိုင်းအတွင်း လုံခြုံရေးတိုးမြှင့်ထားသလို အင်အားအများအပြားနဲ့ ကင်းလှည့်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ကား၊ အိမ်စီးကားအပါအဝင် အရပ်သားကား (၁၅)စီး နီးပါး အသုံးပြုပြီး မြို့အတွင်းလှည့်လည်တာအပြင် မြို့အတွင်းလုံခြုံရေးအရ အဓိကကျတဲ့နေရာတွေမှာ ကင်းပုန်းချပြီး စောင့်ကြည့်တာတွေ လုပ်ဆောင်နေတာပါ။

မြို့ခံတွေအဆိုအရ စစ်ကောင်စီဘက်က အခုလိုလိုက်လံလုပ်ဆောင်နေတာဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်း ၂ နှစ်ပြည့် အသံတိတ်သပိတ် Silent Strike မှာ ပြည်သူတွေ မပါဝင်နိုင်အောင် ခြိမ်း ခြောက်တဲ့အနေနဲ့ လှည့်လည်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်တာပါ။

ဒါပေမယ့် မြို့အတွင်းရှိရပ်ကွက်တွေထဲမှာတော့ အရင်လို ဆိုင်တွေဖွင့်လှစ်ဖို့ အတင်းအကျပ် ဖိအားပေးတာတွေ မရှိသေးတာကြောင့် စစ်ကောင်စီအနေနဲ့ ပိတ်ထားတဲ့ဆိုင်တွေကို စောင့်ကြည့်အရေးယူတာတွေ ပြုလုပ်နိုင်တဲ့အတွက် သတိထားကြဖို့ တိုက်တွန်းတာပါ။

ဒါ့အပြင် စစ်ကောင်စီဟာ မြို့ဝင်၊ မြို့ထွက်ဂိတ်တွေမှာလည်း လုံခြုံရေးတင်းကျပ်ထားပြီး ဝင်ရောက် လာတဲ့သူတွေကိုလည်း ရှာဖွေစစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေသလို မြို့အတွင်းအဓိကကျတဲ့ နေရာတွေမှာလည်း ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့အတွင်းမှာလည်း ပြည်သူတွေ လှုပ်ရှားသွားလာမှုကို တပ်ဆင်ထားတဲ့ CCTVတွေကနေ တဆင့် အမြဲအဆက်မပြတ် စောင့်ကြည့်နေပြီး မသင်္ကာပါကလည်း ဖမ်းဆီးစစ်ဆေးမေးမြန်းဖို့ ညွှန်ကြားထားတယ်လို့လည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ နေပြည်တော်၊ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေရဲ့ မြို့နယ်တော်တော်များများမှာ လုံခြုံရေးတိုးမြှင့်ထားသလို ဖေဖော်ဝါရီ ၁ ရက်နေ့မှာလည်း စစ်တပ် ထောက်ခံပွဲလုပ်ဖို့ ပြင်ဆင်တာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.