ရန်ကုန်၊ ဇန်နဝါရီ(၃၁)

စစ်ကောင်စီအာဏာသိမ်းမှု (၂) နှစ်ပြည့်တဲ့ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ အသံတိတ်သပိတ် ပြုလုပ်ကြမယ့်အစီအစဉ်ကို အထမမြောက်စေဖို့အတွက် အဲဒီနေ့မှာ ရန်ကုန်မြို့ကဆိုင်တွေကို မပိတ်ဘဲဖွင့်ထားကြဖို့ စစ်ကောင်စီကဆိုင်ရှင်တွေကို အတင်းအကျပ်လက်မှတ်ရေးထိုးကာ ဆိုင်ဖွင့်ခိုင်းဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“တသံတည်းညီ တချီတည်းရုန်း” ခေါင်းစဉ်နဲ့ အပြင်မထွက်ဘဲတိတ်ဆိတ်ငြိမ်သက်ခြင်း (Silent Strike) သပိတ်ပြုလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက အွန်လိုင်းကနေနှိုးဆော်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာမှုအပေါ် စစ်ကောင်စီဘက်က အခုလိုလုပ်ဆောင်လာတာဖြစ်ပါတယ်။

“လိုင်းပေါ်ကနေ မြှောက်ပင့်ပေးတယ်လို့ သူတို့ကတော့ပြောတာပေါ့။ မနက်ဖြန်မှာ ဆိုင်မဖွင့်ရင် အကြမ်းဖက်အားပေးနဲ့ အရေးယူမယ်ဆိုပြီး ဆိုင်ဖွင့်ပါ့မယ်လို့ လက်မှတ်ထိုးခိုင်းတဲ့ ဆိုင်တွေလည်းရှိတယ်။ မြောက်ဥက္ကလာ၊ ရွှေပေါက်ကံဘက်မှာပေါ့။ တချို့ကျတော့ ဆိုင်ကိုလာစစ်တာနဲ့ တစ်ခါတည်းဖုန်းတွေပါစစ်တာ။ ဖုန်းမှာ silent strike လုပ်ဖို့ ပို့စ်တင်ထားတာရှိ၊ မရှိပါစစ်တာ။ ကျွန်တော်ကတော့ မနက်ဖြန်မှ ပိတ်တယ်ဆိုရင် သံသယရှိမှာစိုးလို့ ဒီနေ့ကတည်းက ဆိုင်သန့်ရှင်းရေးလုပ်ဖို့ရှိတယ်ဆိုပြီး ပိတ်ထားလိုက်တယ်” လို့ ရွှေပေါက် ကံမြို့နယ်က ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ပြည်သူတွေသွေးမအေးကြောင်းနဲ့ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ အထိုင်ကျမသွားဘဲ တော် လှန်ရေးမှာ ဆက်လက်ပါဝင်နေကြောင်း ကမ္ဘာသိအောင် ဖော်ထုတ်ဖို့လိုအပ်တဲ့အတွက် နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်တဲ့ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ (၁) ရက်မှာ နံနက် (၁၀) နာရီမှ ညနေ (၃) နာရီအထိ တစ်နိုင်ငံလုံး ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ “အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်” (Silent Strike) ကြီး ဖော်ဆောင်၊ ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစု သပိတ်ကော်မတီတွေက နှိုးဆော်ထားတာပါ။

” ကျွန်တော်တို့ လူထုရဲ့ Silent Strike လှုပ်ရှားမှုဟာ အကြမ်းဖက်စစ်အုပ်စုတုန်နေအောင်၊ ပြာနေအောင်ကြောက်တဲ့ လူထုတိုက်ပွဲနည်းနာလည်းဖြစ်တယ်။ ကမ္ဘာမှာ တစ်နိုင်ငံလုံးအဆင့် ဒီလိုသပိတ်မျိုးလုပ်နိုင်ဖို့ဆိုတာ ရှားမှရှားပြီး ကျွန်တော်တို့ ပြည်သူတွေ သွေးစည်းညီညွတ်မှုကြောင့်သာ တစ်နိုင်ငံလုံးအဆင့် အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ကြတဲ့ အသံတိတ်သပိတ်ကြီး ဖြစ်ပါတယ်” လို့ Silent Strike ဖြစ်မြောက်ရေးအဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ကောင်စီဘက်က ဖေဖော်ဝါရီ (၁)ရက်နေ့မှာ လူစုလူဝေးနဲ့ ရွေးကောက်ပွဲထောက်ခံပွဲများ ပြုလုပ်ကြဖို့ ပြင်ဆင်နေတယ်လို့လည်း Silent Strike ဖြစ်မြောက်ရေးအဖွဲ့က ဆိုထားပါတယ်။

ပြည်သူအများစုကတော့ အဲဒီနေ့မှာ ပါဝင်ဆင်နွှဲဖို့အသင့်ရှိနေတယ်လို့ ပြောကြပါတယ်။ “အခု ရန်ကုန်မှာ ဖေဖော်ဝါရီ (၁)ရက်နေ့ကို ဆိုင်တွေမပိတ်ဖို့ လော်စပီကာတွေနဲ့ လိုက်အော်ထားတယ်။ တချို့ရပ်ကွက်တွေမှာ အုပ်ကြီးတွေက ဆိုင်ဖွင့်ဖို့ ဆိုင်ရှင်တွေကို ကိုယ်တိုင်လိုက်ပြောတာတွေလည်း ရှိတယ်။ ကြည့်ရတာတော့ အာဏာသိမ်း (၂)နှစ်ပြည့် Silent Strike လုပ်မယ်လို့ လိုင်းပေါ်မှာ ပြန့်နေတော့ အဲဒါကို ကြောက်တာထင်တယ်။ UGတွေ တစ်ခုခုလုပ်မှာကိုလည်း စိုးရိမ်နေလို့ လူတွေကို အတင်းအပြင် ထွက်ခိုင်းတာလို့ ထင်တယ်။ ကျွန်မကတော့အဲဒီနေ့ ဆိုင်ဖွင့်မှာ မဟုတ်ဘူး” လို့ တောင်ဥက္ကလာပမြို့နယ်က မုန့်ဆိုင်ပိုင်ရှင်တစ်ဦးကဆိုပါတယ်။

စစ်ကောင်စီက အသံတိတ်သပိတ်အတွက် လိုက်လံပိတ်ပင်မှုတွေမလုပ်ခင် တစ်ပတ်ခန့်အလိုကတည်း က ရန်ကုန်မြို့မှာ လုံခြုံရေးတွေ ပိုမိုတင်းကြပ်ထားပြီး စစ်အုပ်ချုပ်ရေးမြို့နယ်တွေဖြစ်တဲ့ မြောက်ဒဂုံ၊လှိုင်သာယာအစရှိတဲ့ မြို့နယ်တွေက လမ်းဆုံလမ်းခွတွေမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတွေ ပိုမိုတင်းကြပ်စွာ ချထားလာနေတယ်လို့လည်း သိရပါတယ်။

အာဏာသိမ်းခံရပြီးနောက်ပိုင်း တစ်နိုင်ငံလုံးရှိပြည်သူအားလုံးပါဝင်လို့ရတဲ့ အသံတိတ်သပိတ်တွေကို ၂၀၂၁ခုနှစ်အတွင်းက မတ်လ ၂၄ရက်နဲ့ ဒီဇင်ဘာ ၁၀ရက်နေ့တွေမှာ ဆင်နွှဲခဲ့ကြပြီး လာမယ့်ဖေဖော် ဝါရီ (၁)ရက်နေ့ အာဏာသိမ်းနှစ်ပတ်လည်နေ့မှာ ပြုလုပ်မယ့် အသံတိတိတ်သပိတ်ဟာ တတိယအကြိမ် ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.