မကွေး – ဇန်နဝါရီ(၃၁)
မကွေးမြို့ပေါ်မှာ အသံတိတ်သပိတ် မဖြစ်စေဖို့ရည်ရွယ်ချက်နဲ့ စစ်ကောင်စီက ဆိုင်ကယ်တွေကို ဆက်တိုက်ဖမ်းဆီးတာတွေလုပ်နေတယ်လို့ မကွေးလူထုတိုက်ပွဲက သံလွင်တိုင်းမ် ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ(၃၀) ရက်နေ့တည်းက ယာဉ်မောင်းလိုင်စင်နဲ့ နောက်ကြည့်မှန် မပါတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးသိမ်းယူတာတွေ လုပ်ဆောင်နေတာပါ။ စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေမှာ ယာဉ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင် အကုန်အပြည့်အစုံ ပါနေရင်တောင်မှ အကြောင်း အမျိုးမျိုးပြပြီး ဖမ်းဆီးနေတာဖြစ်တယ်လို့ သိရပါတယ်။
“အသံတိတ် သပိတ်တွေ လုပ်တိုင်းမှာ စစ်အုပ်စုဟာ ကမ္ဘာ့အလယ်မှာ အရှက် ကွဲခဲ့ရတာပါပဲ။ ဒါကြောင့် စစ်အုပ်စုဟာ အသံတိတ်သပိတ်တိုင်းကို နှောင့်ယှက်၊ တိုက်ခိုက်ခဲ့တာပါ” မကွေး လူထုတိုက်ပွဲ ကော်မတီဝင် ကိုချစ်ဝင်းမောင်က ပြောပါတယ်။
ဒါ့အပြင် ဒီတကြိမ်ပြုလုပ်မယ့် အသံတိတ်သပိတ်မှာလည်း ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ပြန်ပေးဆွဲပြီး ပျက်အောင် လုပ်ဆောင်နေပေမယ့် ပြည်သူတွေကတော့ ရရာနည်းနဲ့ ပါဝင် ဆင်နွှဲ ကြမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ဆိုင်ကယ်တွေချလန်ဖြတ်ပေးချိန်မှာ အကုန်လုံးကို ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ မကွေးမြို့တော်ခန်းမမှာ ရွေးခိုင်းထားပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ပညာပေး ဟောပြောပွဲ နားထောင်ရမယ်လို့ ဒေသခံတွေကို စစ်ကောင်စီက အကျပ်ကိုင်ထားပါတယ်။
“ဒီမှာလည်း ဆိုင်ကယ်တွေဖမ်းလို့ ဘယ်မှသွားလို့အဆင်မပြေဘူး။ ပွင့်ဖြူမှာလည်း ဖမ်းနေတယ်။ လိုင်စင်မပါရင် သိမ်းတာ။ထင်တာတော့ ၁ ရက်နေ့ အသံတိတ်သပိတ်လို့ ကြားထားလို့ အဲဒီရက်ကို ပြန်ရွေးခိုင်းဖို့လုပ်တာ ဖြစ်မယ်။” လို့ မကွေးဒေသခံ ကိုကျော်က သံလွင်တိုင်းမ် ကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မကွေးမြို့ပေါ်က နေရာတော်တော်များများမှာ ဖမ်းဆီးစစ်ဆေးတာ တွေလုပ်နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်းမှာ အသံတိတ် သပိတ်(၃) ကြိမ်ပြုလုပ်ခဲ့ပြီး သုံးကြိမ်လုံးအောင်မြင်ခဲ့ကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၁၀) ရက်နေ့နဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့တွေမှာ ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ်တွေဟာ အအောင်မြင်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်