ဘီးလင်း၊ ဇန်နဝါရီ(၃၁)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာထဲကို ဇန်နဝါရီ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ ည ၇ နာရီခွဲအချိန်လောက်မှာ ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီဇီးဝန်းအမြောက်တပ်ကနေ ဒေါက်ရပ်ကျေးရွာထဲကို လက်နက်ကြီး ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ထိမှန်တာကြောင့် ဒေါက်ရပ်ကျေးရွာကနေ အသက် ၁၃ နှစ်အရွယ် မောင်နေငြိမ်းနဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသက် ၁၃ နှစ်အရွယ် မောင်နေငြိမ်းကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ လူငယ် ၂ ဦးကိုတော့ ဘီးလင်းဆေးရုံကနေတဆင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပြောင်း ရွှေ့ကုသထားတယ်လို့ သိရပါတယ်။

ဒေါက်ရပ်ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာနေဦးကျောက်လုံး၊ ဒေါ်နှင်းဆီ၊ ဦးအောင်ချစ်နဲ့ ဦးမြင့်ဦးတို့ရဲ့ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဇီးဝန်းအမြောက်တပ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ သွားရောက်တိုက် ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။

အဲဒီနေ့ မနက် ၁၀ နာရီလောက်မှာလည်း ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကား ၁၀ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို KNLA ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရှိခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်ဟာ ဒေါက်ရပ်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ် ၃ လုံးကို မီးရှို့ဖျက် ဆီးခဲ့သလို နေအိမ် ၁ လုံးကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.