မော်လမြိုင် ၊ ဇန်နဝါရီ (၃၁)

အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေက အဝယ်လိုက်နေတာကြောင့် မွန်ပြည်နယ်မှာ ပဲဈေးနှုန်း ဆက်လက်မြင့်တက်လာတယ်လို့ ပဲလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်တွင်းပဲဈေးနှုန်းဟာ ဇန်နဝါရီပထမပတ်အတွင်း ပဲတီစိမ်း(ရွှေဝါ) တစ်တင်း ကျပ် ၄၈၀၀၀ ဝန်းကျင်မှာသာ ပေါက်ဈေးရှိရာကနေ ဇန်နဝါရီနောက်ဆုံးအပတ်မှာတော့ ကျပ် ၆၃၀၀၀ အထိ တစ်တင်းကို ကျပ် ၁၅၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။

ဒါ့အပြင် မတ်ပဲနဲ့ပဲပုတ်ဈေးနှုန်းက ကျပ် ၅၀၀၀၀ ကျော်ကနေ ကျပ် ၅၆၀၀၀ လောက်အထိ ဈေးနှုန်းမြင့်တက် လာသလို တခြားပဲမျိုးစုံကလည်း တစ်တင်းကို အမျိုးအစားအပေါ်မူတည်ပြီး ကျပ် ၃၀၀၀ ကနေ ကျပ် ၁၀၀၀ ကျော်အထိ ဈေးနှုန်းဆက်လက် မြင့်တက်လာတာ ဖြစ်ပါတယ်။

ပဲဈေးနှုန်းဟာ အိန္ဒိယနဲ့တရုတ်နိုင်ငံတွေက ဝယ်လိုအား မြင့်တက်နေတာအပြင် စစ်တပ် အာဏာသိမ်းပြီး နောက် ပဲစိုက်တောင်သူတွေ ဓာတ်မြေသြဇာတွေ မထည့်နိုင်တော့အတွက် အထွက်နှုန်းကျဆင်းပြီး ဈေးနှုန်း မြင့်တက်လာတာဖြစ်တယ်လို့ ပဲလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ ပဲဈေးနှုန်းကတော့ တစ်ကမ္ဘာလုံးက စားနပ်ရိက္ခာတွေကလေ တက်တယ်၊ နောက်ပြီးတော့ ကမ္ဘာမှာက ဒီဓာတ်မြေဩဇာ၊ ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေက ဈေးတက်တဲ့အခါကျတော့ ဒီအခြေခံစားသောက် ကုန်တွေက ကုန်ဈေးနှုန်းတွေ အကုန်တက်လာတာလေ။ ဒါကတော့ နံပါတ်(၁)ပေါ့။ နောက် ဘေးနိုင်ငံတွေက ဝယ်လိုအားတွေပေါ့။ အိန္ဒိယနဲ့ တရုတ်ပေါ့။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထုတ်ကုန်ဝယ်တဲ့ ဒီနိုင်ငံကြီး (၂)နိုင်ငံ ကလည်း လက်ရှိမှာရာသီဥတုက ဖျက်တာလေ၊ ရာသီဥတု ဖျက်ဆီးတော့ သူတို့မှာက စားနပ်ရိက္ခာတွေ အများကြီးလိုနေတော့ အဲ့ဒါကြောင့်မို့ နည်းနည်း ဈေးတက်လာတယ်။ ဈေးတင်ပြီးတော့လည်း ဝယ်ပေးကြတယ်။ သူတို့တွေက အိန္ဒိယတို့၊ တရုတ်တို့က၊ ဝယ်လိုအားတွေက တောက် လျှောက်မြင့်နေတာ၊ ရောင်းလိုအားပဲ ကျွန်တော်တို့မပေးနိုင်ဘူး မြန်မာနိုင်ငံဘက်ခြမ်းက။ နိုင်ငံရေးပြဿနာတွေကြောင့် နည်းနည်းအထွက် ကျတာရှိတယ်။ ဒီဘက်မှာ ဓာတ်မြေဩဇာတွေက တအားဈေးကောင်းတော့ တောင်သူတွေက ယခင်ဈေးနဲ့တွက်ပြီးတော့ မစိုက်ကြတော့ဘူး။ မစိုက်ကြတော့ အထွက်လျော့တာပေါ့”လို့ ဆိုပါတယ်။

ပြည်ပပဲအဝယ်အလိုက်ပေမယ့် ပဲထွက်ရှိမှုနှုန်း နည်းပါးနေသေးတာကြောင့် ဈေးကွက်အတွင်း ဝယ်လို အားများပြီး အရောင်းနည်းနေသလို လက်ကျန်ပဲလည်း ရှားပါးနေတယ်လို့ ဆိုပါတယ်။

ပဲဈေးနှုန်းဟာ ပြည်ပဝယ်လိုအားကြောင့် ဈေးနှုန်းမြင့်တက်နေတဲ့အတွက် ဒီရာသီမှာ တောင်သူတွေ အကျိုးအမြတ်ရှိတယ်လို့ ပဲလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“လက်ရှိဈေးမြင့်တက်တယ်ဆိုတာ ဝယ်လိုအားကောင်းလို့ဗျာ။ အခုဒီ ရွှေဝါဆိုလည်း တရုတ်ပြည်အဓိက ဝယ်တာပဲ။ ပဲပုတ်ဆိုလည်း ဈေးတက်တာဘဲ။ ပဲပုတ်ဆိုတာလည်း တို့ဒီမှာဆိုရင် ပဲပုတ်ကစက်ရုံသုံးတယ်။ ဒီကြားထဲမှာ ထိုင်းကလည်း ဝယ်တာလည်းရှိတယ်။ ထိုင်းရယ်၊ နောက် အစာစက်ရုံပေါ့ဗျာ။ အဲဒီက ဝယ်လို့ဆိုပြီး ဈေးတက်တာပေါ့။ အခုကလည်း ပဲကလည်းအထွက်နည်းတော့ ဝယ်လိုအားနဲ့ဆိုရင် သူဘာသူမျှတနေတဲ့ ပုံစံဖြစ်နေတယ်လေနော်။ အထွက်များရင်တော့လည်း နည်းနည်းပြန်ကျမယ်လို့တော့ မှန်းတာပေါ့နော်။ ဒီနှစ်အတိုင်းအတာနဲ့ဆိုတော့ ပဲထွက်တဲ့ ဒေသတောင်သူကတော့ အကျိုးရှိမယ်လို့ ထင်တာပေါ့။ ဒီနှစ်ကတော့ ဈေးကောင်းတယ်ပေါ့ဗျာ။ ပဲတိုင်းလိုလို ဈေးကအမြင့်ပေါ်မှာဘဲ ရောင်းရတော့လည်း ပဲစိုက်တဲ့တောင်သူကတော့ ကိုယ့်ပဲကိုဂရုစိုက်ပြီး ထွန်ယက်စိုက်ပျိုးပြီးတော့ ပဲထွက်ပြီး ပဲထွက်အားကောင်းရင် တောင်သူအတွက် အကျိုးရှိမယ့် အလားအလာလို့ပဲ ပြောရမှာပေါ့နော်”လို့ ဆိုပါတယ်။

လက်ရှိမှာ ပဲမျိုးစုံထွက်ရှိမှုနှုန်း နည်းပါးပြီး ပြည်ပကဝယ်ယူမှု မြင့်တက်နေတာကြောင့် ဈေးနှုန်းထပ်မံမြင့်တက်လာနိုင်သလို ပဲထွက်ရှိမှုများလာပါက ဈေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်းလာနိုင်တယ်လို့ ပဲလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

တဖက်မှာတော့ ပဲစိုက်တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဓာတ်မြေသြဇာအပါအဝင် အထွေထွေကုန်ကျစရိတ် အဆမတန်မြင့်တက်နေတာအပြင် ရာသီဥတုဖျက်မိုးတွေကြောင့် ပဲစိုက်နောက်ကျခဲ့တဲ့အတွက် အထွက်နှုန်းသိသိသာသာ ကျဆင်းလာမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

မွန်ပြည်နယ်မှာတော့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုတ်နဲ့ ပဲတီစိမ်း ရွှေဝါတို့ကို အဓိကစိုက်ပျိုးနေတာဖြစ်ပြီး နှစ် စဉ် ပဲမျိုးစုံတန်ချိန် ၂၀,၀၀၀ ကျော်ထွက်ရှိနေတာပါ။

ထွက်ရှိလာတဲ့ ပဲတွေကိုတော့ အိန္ဒိယနဲ့တရုတ်နိုင်ငံတွေက အဓိကဝယ်ယူနေတာဖြစ်ပြီး ထိုင်း၊ စင်ကာပူ၊ နီပေါနဲ့ ပါကစ္စတန်နိုင်ငံတွေကလည်း ပဲအမျိုးအစားပေါ်မူတည်ကာ မှာယူတင်သွင်းတာတွေ ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.