ဒီးမော့ဆို – ဇန်နဝါရီ(၃၁)

ကယားပြည်နယ်၊ ဒီးမော့ဆို မြို့နယ်အရှေ့ဘက်ခြမ်းမှာ ဒေသခံ အမျိုးသားတစ်ဦးဟာ ဇန်နဝါရီ(၂၉) ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန် သေဆုံး ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ စစ်ဘေးရှောင်အမျိုးသားတစ်ဦးဟာ စစ်ရှောင်စခန်းကနေ သူ့ရဲ့ နေအိမ်ကို ပြန်သွား ခဲ့ပြီးနောက် နေအိမ်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သေဆုံးခဲ့တာပါ။

သေဆုံးသူဟာ အသက်(၃၅) နှစ်အရွယ်ဖြစ်ပြီး သူ့ရဲ့ အချက်အလက်အသေးစိတ်ကိုတော့ မသိရ သေးဘူးလို့ စစ်ရှောင်အရေးကူညီသူတွေက ပြောပါတယ်။

ဒီရက်ပိုင်းထဲမှာလည်း ဒီးမော့ဆိုမြို့နယ်ထဲမှာရှိတဲ့ ရွာတွေကို စစ်ကောင်စီတပ်သားတွေက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီ လောပိတ အခြေစိုက် စခန်းကနေ လက်နက်ကြီးတွေနဲ့ နေ့စဉ်လိုလို ပစ်ခတ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၂) ရက်နေ့ကလည်း ဒီးမော့ဆို မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဇန်နဝါရီလအတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၅)ဦးအထိ သေဆုံးထားပြီး (၁၀) ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန် ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.