ထားဝယ် – ဇန်နဝါရီ(၃၁)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ စစ်ကောင်စီဘက်ဟာ ဒီနေ့မနက်ပိုင်းထဲက ဆိုင်ကယ်တွေကို မြို့ပတ်ဖမ်းနေပြီး ဖမ်းခံထားရတဲ့ ဆိုင်ကယ်တွေကို အသံတိတ်သပိတ်ပြုလုပ်မယ့်နေမှာ လာပြန် ရွေးဖို့ ခေါ်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ကောင်စီဟာ ထားဝယ်မြို့တွင်းလမ်းတွေမှာ အကြောင်းပြချက်မရှိဘဲ ဆိုင်ကယ်တွေကို ယာဉ်ထိန်းရဲ၊ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေပါတဲ့ ပူးပေါင်းအဖွဲ့က လိုက်လံဖမ်းဆီးနေတာပါ။

“ထားဝယ်မှာက ဆိုင်ကယ်က အရင်ကတည်းက တစ်အား ဖမ်းနေတာဘဲ။ တစ်ခါတလေဆို မနက် ၅ နာရီလောက်ကတည်း ဖမ်းတာ။ မနေ့ကနဲ့ဒီမနက်က အဖမ်းအဆီးပိုများလာတယ်။ မနက်ဖြန်က အသံတိတ်သပိတ်နေ့ဆိုတော့ လမ်းပေါ် လူရှိနေအောင် ပြန်ရွေးခိုင်းမယ့် သဘောရှိ တယ်။ ထားဝယ်မှာက အကြောင်းအမျိုးမျိုးပြ ဖမ်းနေတာပါဘဲ။ ”လို့ ထားဝယ်ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ဆိုင်ကယ်ဖမ်းဆီးချိန်မှာ ယာဉ်နဲ့ ပတ်သက်ပြီး မပြည့်စုံပါက ဆိုင်ကယ်၊ ယာဉ်မောင်းလိုင်စင်နဲ့ ဝိတက် သိမ်းတာတွေအထိလုပ်နေတယ်လို့ သူက ပြောပါသေးတယ်။

ဖမ်းဆီးခံထားရတဲ့ ဆိုင်ကယ်နဲ့ အထောက်အထားစာရွက်စာတမ်းတွေကို ဝဲကျွန်းရပ်မှာရှိတဲ့ ယာဉ်ထိန်းရုံးမှာ ပြန်လည်ရွေးယူခိုင်းတာတွေလုပ်နေတယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထားဝယ်မြို့ပေါ်ရပ်ကွက်တွေက နေအိမ်တွေကို ဝင်ရောက်ဖမ်းဖွေဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း ပြည်သူတွေလုပ်တဲ့ အသံတိတ်သပိတ်မှာ စစ်ကောင်စီက ဆွမ်းဆောင်ပွဲ လုပ်တာ၊ စစ်တပ်မိသားစုတွေနဲ့ ရုံးဌာနအသီးသီးက ဝန်ထမ်းတွေကို ဆိုင်ကယ်နဲ့ လမ်းပေါ် သွားလာခိုင်းတာ စျေးဆိုင်တွေကို အဓမ္မဖွင့်လှစ်ခိုင်းတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစု တွေနဲ့ သပိတ်အင်အားစုတွေကတော့ ပြည်သူတွေကို အသံတိတ်သပိတ်မှာ ပါဝင်လာဖို့ နှိုးဆော်ထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.