ရန်ကုန် ၊ ဇန်နဝါရီ (၃၁)

စစ်ကောင်စီပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပါ ကန့်သတ်ချက်တွေကြောင့် နိုင်ငံရေး ပါတီအများ ဖျက်သိမ်းခံရနိုင်ပြီး ကျန်ရှိတဲ့ပါတီတွေကလည်း တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုသာ ဝင်ရောက်ယှဉ်ပြိုင်လို့ရမယ့် အနေအထား ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီက အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ (စ) နဲ့(ဆ) အရ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ရင် ပါတီမှတ်ပုံတင်တဲ့ရက်ကစပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀,၀၀၀ ရှိရမှာဖြစ်သလို ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမယ်လို့ ပြဌာန်း ထားတာပါ။

အလားတူတိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမယ့်ပါတီဆိုရင် ပါတီဝင်ဦး ရေအနည်းဆုံး ၁၀၀၀ ရှိရမှာဖြစ်ပြီး ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှာ ငွေစာရင်း ဖွင့်လှစ်ပြီးတဲ့ အထောက်အထားရှိရမယ်လို့ ဆိုပါတယ်။

ဥပဒေပညာရှင်တစ်ဦးကတော့ စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီ ဥပဒေဟာ လက်ရှိ တိုင်းနဲ့ပြည်နယ် အတော်များများမှာ မတည်ငြိမ်မှုတွေဖြစ်နေတဲ့အတွက် ပါတီဝင်တွေကို စည်းရုံးဖို့ ပါတီရုံးခန်းဖွင့်လှစ်ဖို့ အတော် ခက်ခဲတာကြောင့် ပါတီငယ်တွေဟာ သူတို့စွမ်းဆောင်နိုင်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာပဲ ဝင်ရောက်နိုင်မယ့် အနေအထားလို့ သုံးသပ်ပါတယ်။

“လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ စစ်ရေးအခြေအနေတွေကြည့်တဲ့အခါကျ တိုင်းဒေသကြီးနဲ့ ပြည်နယ်တော်တော်များများဟာ မတည်ငြိမ်မှုတွေဖြစ်နေတယ်။ စစ်မက်ဘေးဒဏ်တွေ ဖြစ်နေတယ်။ အဲဒီလို အနေအထားမျိုးထဲမှာ ပါတီဝင်တွေကိုစည်းရုံးဖို့၊ ပါတီရုံးခန်းဖွင့်လှစ်ဖို့ အတော်ခက်ခဲနိုင်တဲ့ အနေအထားဖြစ် ပါတယ်။ NLDအနေနဲ့ကလည်း သူ့ရဲ့ နိုင်ငံရေးရပ်တည်မှုအရ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ဘူး၊ ဖြစ် နိုင်တဲ့အလားလာ သိပ်နည်းတယ်။ အဲဒီအခါကျ ကျန်တဲ့ပါတီငယ်တွေက သူတို့စွမ်းဆောင်နိုင်တဲ့ တိုင်းဒေ သကြီး၊ ပြည်နယ်တွေလောက်မှာပဲ ဝင်ရောက်ရွေးချယ်ဆောင် ရွက်နိုင်မယ့် အနေအထားဖြစ်သွားတာပေါ့”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဥပဒေပါ ကန့်သတ်ချက်တွေ၊ တားမြစ်ချက်တွေဟာ နိုင်ငံရေးပါတီတွေအနေနဲ့ ပြည်နယ် ဒါမှမဟုတ် တိုင်းဒေသကြီးတစ်ခုမှာပဲ ရွေးကောက်တင်မြှောက်ခံ၊ ရပ်တည်ပိုင်ခွင့်ရှိတဲ့ အနေအထားရောက်သွားတယ်လို့ ဥပဒေပညာရှင်က ထောက်ပြပါတယ်။

နိုင်ငံရေးပါတီ ဥပဒေ ပုဒ်မ ၅ (ဇ) မှာတော့ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့် ပါတီအနေနဲ့ ရက်ပေါင်း ၁၈၀ အတွင်း တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ရုံးခန်းဖွင့်လှစ်ရမယ်လို့ ဆိုပါတယ်။

တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့် ပါတီဆိုရင် ရက်ပေါင်း ၁၈၀ အတွင်း တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံး ၅ မြို့နယ်မှာ ပါတီရုံးခန်းဖွင့်လှစ် ရမယ်လို့ ပြဌာန်းထားပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီ ဥပဒေဟာ ပြည်ထောင်စုတစ်ဝန်း လုံးကို စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ ထိန်းချုပ် ထားလို့ရအောင် လုပ်လိုက်တဲ့ဥပဒေလို့ ဝေဖန်ပါတယ်။

“သူက ရှင်းရှင်းပဲလေ၊ မဆလ တစ်ပါတီစနစ်ပြန်ထောင်တာပေါ့။ အဲဒီတော့ တစ်တိုင်းတစ်ပြည်လုံးကို ကြံ့ ခိုင်ဖွံ့ဖြိုးရေးကပဲ အုပ်ချုပ်မယ်။ ကျန်တဲ့လူတွေက ဘယ်လိုမှ မယှဉ်နိုင်ဘူး။ တိုင်းနဲ့ ပြည်နယ်တွေ အလိုက် ကတော့ အပေါ်ကခိုင်းတဲ့အတိုင်းလုပ်ကြပေါ့။ တိုင်းနဲ့ပြည်နယ်မှာပဲ ကိုယ့်ဟာကိုလုကြ။ သူနဲ့ကိုယ်နဲ့ လု၊ ကိုယ်နဲ့သူနဲ့ လုကြပေါ့။ အဓိက အဲဒီမှာ ၂၅ ရာခိုင်နှုန်းက တိုင်းနဲ့ပြည်နယ်မှာပါမှာဆိုတော့ နောက်ဆုံးကျ တစ်ပြည်လုံးကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ ချုပ်ထားအောင် လုပ်လိုက်တဲ့ ဥပဒေပဲလေ” လို့ သူက ဆိုပါတယ်။

တိုင်းရင်းသားပါတီအပါအဝင် နိုင်ငံရေးပါတီအများစုဟာ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မိမိတို့ လူမျိုးစု တွေ၊ ပါတီကိုထောက်ခံတဲ့ ပြည်ထောင်စုတစ်ဝန်းလုံးက မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတာဖြစ် တဲ့အတွက် လက်ရှိထုတ်ပြန်ထားတဲ့ ဥပဒေကြောင့် ပါတီအဖြစ်ကနေ အလိုလို ဖျက်သိမ်းခံရမယ့် အနေအထား ရှိနေတာပါ။

တိုင်းရင်းသားနိုင်ငံရေးပါတီအများစုကတော့ စစ်ကောင်စီပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေ ကြောင့် မိမိတို့ ပါတီအခြေစိုက်တဲ့ ပြည်နယ်တစ်ခုထဲမှာသာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အတော့်ကိုအခက်အခဲ အကျပ်အတည်းဖြစ်စေတယ်လို့ ပါတီတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ဥပဒေပါကန့်သတ်ချက်တွေကြောင့် နိုင်ငံရေးပါတီအများစုဟာ ဖျက်သိမ်းသွားတာ၊ သတ်မှတ်ရက်အတွင်း မှတ်ပုံမတင်နိုင်တဲ့အတွက် ဖျက်သိမ်းခံရမယ့် အလားလာတွေ ရှိနိုင်ပြီး ရွေးကောက်ပွဲမှာ ပါတီအစိတ်လောက်ထက် ပါဝင်လာနိုင်စရာမရှိဘူးလို့ ဥပဒေပညာရှင်တွေက ထောက်ပြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.