ရန်ကုန်၊ ဇန်နဝါရီ(၃၁)

စစ်ကောင်စီကျင်းပဖို့ ပြင်ဆင်နေတဲ့ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မယ့် လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာမှာ အားပေးကူညီသူအဖြစ် သတ်မှတ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် (NLD) ပါတီက ဇန်နဝါရီ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်အရ တည်ဆဲဥပဒေတွေကိုချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ထားတဲ့ စစ်ကောင်စီ ရဲ့ ဆောင်ရွက်မှုတွေဟာ တရားဝင်မှုမရှိတဲ့အတွက် သူတို့ကျင်းပမယ့် အတုအယောင်ရွေး ကောက်ပွဲအပေါ် NLD ပါတီအနေနဲ့ ဆန့်ကျင်ကန့်ကွက်နေမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးနဲ့ စစ်ကောင်စီ ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ ဖော်ထုတ်အရေးယူနိုင်ရေး အခုထက်ပိုထိရောက်အောင် ကူညီပေးကြဖို့ NLD က မေတ္တာရပ်ခံတိုက်တွန်ထားတာပါ။

NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့(NLD-HRDT) က စုစည်းထားတဲ့ ဇန်နဝါရီ ၅ ရက်နေ့အထိ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး အပါအဝင် NLD ပါတီဝင် ၁,၂၃၂ ဦး ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

အကြောင်းမဲ့ သတ်ဖြတ်ခံရမှုမှာလည်း လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ NLD ပါတီဝင် ၈၄ ဦး ရှိခဲ့ပြီး နေအိမ် အပါအဝင် ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံရမှုမှာလည်း လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦးနဲ့ NLD ပါတီဝင် ၃၇၁ ဦးတို့ရဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်ခဲ့တယ်လို့ NLD-HRDT က ဖော်ပြပါတယ်။

ဒါ့အပြင် ပါတီရုံးချုပ်အပါအဝင် အဆင့်ဆင့်သောရုံးတွေကိုလည်း ကျူးကျော်ဝင်ရောက် ဖျက်ဆီးတာ၊ ပါတီပိုင်ပစ္စည်းတွေကို အဓမ္မယူဆောင်မှု ၁၂၀ ကြိမ် ရှိခဲ့ပြီး ပြည်သူတွေရဲ့ နေအိမ်တွေ အကြမ်းဖက်၊လုယက်၊ မီးရှို့၊ ဖျက်ဆီးခံရမှု ဖြစ်စဉ်ပေါင်း ၉၁၃ ကြိမ်မှာ အိုးအိမ်အဆောက်အဦးပေါင်း ၃၅၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုအကြောင်းပြချက်နဲ့ စစ်တပ်က နိုင်ငံ့ခေါင်း ဆောင်တွေကို ဖမ်းဆီးကာ တိုင်းပြည်အာဏာအရပ်ရပ်ကို သိမ်းယူပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာထားတာပါ။

လက်ရှိမှာတော့ အာဏာသိမ်းကာလ နှစ်နှစ်ပြည့်ခါနီးမှာ စစ်ကောင်စီထုတ်ပြန်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ အလိုလိုပျက်ပြယ်သွားမယ့် အခြေအနေရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.