ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှနဲ့ ဆက်သွယ်မေးမြန်းချက်။

ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဟာ ပါတီမှတ်ပုံတင်တဲ့ရက်ကစပြီး ရက်ပေါင်း ၉၀အတွင်း ပါတီ ဝင်ဦးရေအနည်းဆုံး တစ်သိန်းနဲ့ရက်ပေါင်း ၁၈၀ အတွင်း တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံးထက် ဝက်မှာ ရုံးခန်းဖွင့်လှစ်ရမယ်ဆိုတဲ့ နိုင်ငံရေးပါတီဥပဒေအသစ်ကို စစ်ကောင်စီက ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြဌာန်းလိုက်ပါတယ်။

စစ်ကောင်စီပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီဥပဒေကြောင့် ပါတီအများစု ဆက်လက်ရပ်တည်ဖို့ အခက်အခဲရှိသလို ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံမတင်ပါက ပါတီတွေအနေနဲ့ အလိုအလျောက်ပျက်ပြယ်ခံရမယ့် အခြေ အနေ နဲ့ ရင်ဆိုင်နေရတာပါ။ ဒါကြောင့် စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေက နိုင်ငံရေးပါတီကို ဘယ်လောက်ထိ အကျပ်တွေ့စေနိုင်တယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဘယ်လို မြင်ပါ သလဲ။

ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီဆိုရင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို စည်းရုံးဖို့အတွက် မှတ်ပုံတင်ထားတဲ့ ပါတီ ဖြစ်တယ်။ အရင်တုန်းကဆို မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို စည်းရုံးဖို့မှတ်ပုံတင်ထားတဲ့ ပါတီဖြစ်တယ်။ အခုထွက် လာတဲ့ ဥပဒေအတိုင်းဆိုရင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို စည်းရုံးဖို့အတွက် ပါတီအဖြစ် မှတ်ပုံတင်ဖို့ တော်တော် အခက်အခဲရှိသွားပြီ ဖြစ်တယ်။ ငွေသိန်းတစ်ထောင်ရော၊ ပါတီဝင်အင်အားတစ်သိန်းရော မြန်မာနိုင်ငံတစ်ဝန်းလုံး မြို့နယ်မှာ တစ်ဝက်ရုံးဖွင့်ရမယ်ဆိုတော့ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံး ကို စည်းရုံးဖို့၊ မှတ်ပုံတင်ဖို့အတွက် လုံးဝအခက်အခဲအကျပ်အတည်း ရောက်သွားတယ်ဆိုတဲ့အခြေအနေမျိုး ရှိတယ်လို့ ကျွန်တော်အဲဒီလို ပြောလိုတယ်။

-ဒီဥပဒေကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ ဘယ်လောက်အထိ အကျပ်တွေ့စေနိုင်လဲ။

ကျွန်တော်တို့က အရင်တုန်းက ကျွန်တော်တို့ ပါတီအနေနဲ့ဆိုရင် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းရယ်၊ ရန်ကုန် တိုင်းရယ်၊ ချင်းပြည်နယ်တွေမှာ ဝင်ပြိုင်ခဲ့တာရှိတယ်။ အခုဥပဒေမှာပါတာက အဲ့လိုတစ်ဝက်ဝင်ပြိုင်ရမယ်ဆိုရင် ကျွန်တော်တို့ပါတီအတွက်က အမှန်တကယ်အခက်အခဲအကျပ် အတည်း ရောက်တယ်ဆိုတာ ကျွန်တော်ပြောလို့ရတယ်။

-စစ်ကောင်စီပြဌာန်းလိုက်တဲ့ ဒီဥပဒေကြောင့် နိုင်ငံရေးပါတီအနေနဲ့ ဘယ်လို အခြေအနေတွေဖြစ်လာနိုင်လဲ။ ဒီအပေါ်သုံးသပ်ပေးပါဦး။

ကျွန်တော်အမြင်အရ ပြောရမယ်ဆိုရင် အခုလက်ရှိ မှတ်ပုံတင်ထားတဲ့ပါတီ(၉၀)ကျော်ရှိတယ်။ အဲဒီ ပါတီ (၉၀) ကျော်မှာ ပါတီအများစုကတော့ အကျပ်အတည်းအခက်အခဲ ကြုံရမယ်ဆိုတာတော့ မြင်တယ်လို့ ကျွန်တော် ပြောလို့ရတယ်။ အဲဒီလိုလည်း ကျွန်တော်သုံးသပ်မိတယ်။ ပါတီအများစုက အကျပ်အတည်း အခက်အခဲရောက်သွားလိမ့်မယ်လို့ ကျွန်တော်သုံးသပ်တယ်။

-နောက်ဆုံးအနေနဲ့ စစ်ကောင်စီကအသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီဥပဒေနဲ့ ပတ်သက်ပြီး ဘာများဖြည့် စွက်ပြောကြားလိုပါသလဲ။

လောလောဆယ်တော့ ကျွန်တော်တို့လည်း ဒီဥပဒေကို အဖြေရှာလေ့လာသုံးသပ်ရဦးမှာဖြစ်တယ်။ အဲဒါကြောင့် လောလောဆယ် ဒီဥပဒေအရတော့ ကျွန်တော်တို့ လေ့လာကြည့်သလောက်တော့ ကျွန်တော်တို့ ပါတီအနေနဲ့ တော့ အကျပ်အတည်းအခက်အခဲ ကျွန်တော်တို့ ကြုံရပြီဆိုတာ ကျွန်တော်ပြောလိုတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.