(မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ပြောခွင့်ရ မိသုတဇဝ်နဲ့ ဆက်သွယ်မေးမြန်းချက်။)

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေး ကော်မ တီ (MSICC) ကို အာဏာသိမ်းကာလ ၂နှစ်နီးပါးပြည့်ခါနီး ဇန်နဝါရီ ၂၂ ရက်နေ့မှာ မွန်ပြည်ဖက် ဒရယ်ကောင်စီ (MSFC) အဖြစ်အသွင်ကူးပြောင်း ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် MSICC ကို မွန်ပြည်ဖက် ဒရယ်ကောင်စီ (MSFC) အဖြစ် ပြောင်းလဲ ဖွဲ့စည်းရတဲ့ အခြေအနေ၊ ဆက် လက် ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေ၊ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ဘယ်လိုပုံစံတွေနဲ့ တားဆီးသွားဖို့ရှိနေလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ပြောခွင့်ရ မိသုတဇဝ်နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ MSICC ကနေမွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အဖြစ် ဘာကြောင့် ပြောင်းလဲသတ် မှတ်ခဲ့တာလဲ။

MSICCသည် မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဖြစ်တဲ့အတွက်ကြောင့် မွန်ပြည်နယ်ဆိုင်ရာ လုပ်ငန်းစဉ် များကို အကောင်အထည်ဖော်ရန်အတွက် မွန်ပြည်ကြားကာလ ဖက်ဒရယ်ယူနစ်အနေအဖြစ် မွန်ပြည်ဖက်ဒရယ်ကောင်စီ အနေနဲ့ဖြစ်ကို ပြောင်းလဲသတ်မှတ်ပြီးတော့ မွန်ပြည်နယ်ဆိုင်ရာလုပ်ငန်းများကို စနစ်တစ်ခုအနေဖြင့် ဖော်ဆောင်နိုင်ရန်အတွက်ကို ကျွန်မတို့ အမည်ပြောင်းလဲခဲ့ကြတာပေါ့နော်။

-မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ ဒီ ၂၀၂၃ ခုနှစ်အတွင်း အဓိက လုပ်ငန်းစဉ် ရည်ရွယ်ချက်က ဘာတွေ များဖြစ်မလဲ။

လာမယ့်၂၀၂၃မှာတော့ MSFC ညီလာခံမှာ ချမှတ်ခဲ့တဲ့ ဒီနိုင်ငံရေးလမ်းပြမြေပုံအတိုင်း ကျွန်မတို့သည် မဏ္ဍိုင် သုံးရပ်ပေါ့နော်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ စတဲ့လုပ်ငန်းများကို မူဝါဒရေး ဆွဲပြီးမှ အကောင်အထည်ဖော် လုပ်ဆောင် သွားဖို့ကို ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃မှာကျတော့ ဒီရွေးကောက်ပွဲကို တိုက်ဖျက်ရန်အတွက်လည်း လုပ်ငန်းစဉ်တစ်ခုအနေနဲ့ ပါပါတယ်ရှင့်။

-မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ ပထမကြိမ်ညီလာခံထုတ်ပြန်ချက်အရ တက်ရောက်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ (EROs) ဆိုပြီး ပါတဲ့အတွက် အဲဒီဟာက မွန်ပြည်သစ်ပါတီ (NMSP) ကို ဆိုလိုတာလား။ဒါမှမဟုတ် ဘယ်လိုအဖွဲ့ကို ဆိုလိုတာလဲ။

ဟုတ်ပါတယ်။ နောက်ပြီးတော့ မွန်ပြည်သစ်ပါတီအပြင်ပေါ့ တခြားလက်နက်ကိုင်မွန်ပြည်ကို အခြေစိုက်ထား ပြီးမှ တခြားလက် နက်ကိုင်အဖွဲ့အစည်းတွေရောရှိတဲ့အခါကျတော့ ကျွန်မတို့ဒီ EROsအနေဖြင့်ပဲ ဆက်လက် အသုံးပြုသွားစေချင်တာပေါ့နော်။

-မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ နိုင်ငံရေးလမ်းပြမြေပုံက ဘယ်လိုပုံစံဖြစ်မလဲ၊ ပြောပြပေးပါဦး။

ဟုတ်ကဲ့။ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးရည်မှန်းချက်ကတော့ ကျွန်မတို့ ညီလာခံမှာလည်း ဆွေးနွေး ခဲ့တာပေါ့နော်။ ကျွန်မတို့သည် ဖက်ဒရယ်ဒီမိုကရေစီ ကောင်စီပြည်ထောင်စုကို တခြားတိုင်းရင်းသားများနဲ့ အတူ တည်ဆောက်သွားသလို မွန်ပြည်ဖက်ဒရယ်ယူနစ်အဖြစ်လည်း မွန်ပြည်ဖက်ဒရယ်ကောင်စီအဖြစ်လည်း မွန်ပြည်ရဲ့ မဏ္ဍိုင်သုံးရပ်ကို ဆက်လက်ပြီးမှ အကောင်အထည်ဖော်သွားကြမှာ ဖြစ်တယ်။ ဖွဲ့စည်းပုံမှာလည်း အဲဒါကို အဓိက ရေးဆွဲထားတာ ဖြစ်ပါတယ်။

-မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အနေနဲ့ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီခေါ်ယူမယ့် ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးအပေါ် ဘယ်လိုမြင်လဲ။

ကျွန်မတို့ ဆွေးနွေးထားတာမရှိပေမယ့်လည်း စစ်ကောင်စီကခေါ်ယူတဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းရေးမူကိုပဲ ကျွန်မတို့ ဆက်လက်ကျင့်သုံးသွားမှာပေါ့နော်။ စစ်အာဏာရှင်နဲ့အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေးသည်လည်း ကျွန်မတို့ရဲ့တိကျသေချာသောမူ ဖြစ်တဲ့အတွက်ကြောင့်မို့ စစ်ကောင်စီခေါ်ယူခြင်းကို ကျွန်မတို့ MSFC အနေနဲ့ ပါဝင်သွားမှာ မဟုတ်ဘူးလို့လည်း မြင်ပါတယ်။

-စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအပေါ် MSFC အနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ။

MSFCရဲ့ နိုင်ငံရေးလမ်းပြမြေပုံထဲမှာ စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှ တွန်းလှန်ကြမယ်ဆိုတဲ့ အပိုင်းပေါ့ နော်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုလည်း ကျွန်မတို့ပါဝင်သွားမှာ မဟုတ်ဘူး။ ကန့်ကွက်သွားမှာ၊ တိုက် ဖျက်သွားမှာ ဖြစ်တယ်။ ဆိုတော့ စစ်ကောင်စီခေါ်ယူတဲ့ တခြားကိစ္စတွေကိုလည်း ကျွန်မတို့ ပါဝင်သွားမှာ မဟုတ်ဘူး။

-ဆိုတော့ စစ်ကောင်စီကို တရားဝင်ဖြစ်စေမယ့် နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ရွေးကောက်ပွဲမဖြစ်မြောက်ဖို့ MSFC အနေနဲ့ မွန်ပြည်နယ်အတွင်း ဘယ်လိုမျိုးတုံ့ပြန်တားဆီးသွားဖို့ ရှိနေမလဲ။

MSFC သည် NUCC, NUG တို့နဲ့ MSFC ရဲ့ကိုယ်စားလှယ်ကိုလည်း ဆက်လက်စေလွှတ်ထားဆဲပေါ့။ နောက် NUCC ကိုယ်စားလှယ် ၊JCC ကိုယ်စားလှယ်များကိုလည်း ကျွန်မတို့ ဆက်လက်စေလွှတ် သွားခြင်းဖြစ်တယ် ဆိုတော့ NUCC, NUG ရဲ့ နိုင်ငံရေးလမ်းပြမြေပုံနည်းတူ MSFCသည်လည်း မွန်ပြည်ဖက် ဒရယ်ကောင်စီအနေနဲ့ ပူးပေါင်းပြီးမှ အတူတကွ တိုက်ပွဲဝင်သွားဖို့၊ နောက်ပြီးတော့ မွန်ပြည်သူများလည်း ပူးပေါင်းပါဝင်သွားဖို့ကို NUCC,NUG, MSFC နဲ့အတူကျွန်မတို့ ထုတ်ပြန်ကြေငြာချက်မှာ တောင်းဆိုထားသလိုပဲပေါ့နော်။

မွန်ပြည်သူများလည်း ပါဝင်သွားတဲ့အတိုင်း ကျွန်မတို့လည်း ဒီအတိုင်းဆက်လုပ်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် မို့စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲကို ကျွန်မတို့သည်လည်း တားဆီးပိတ်ပင်သွားမှာဖြစ်ပါတယ်။

-မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ခံကိုယ်စားလှယ်လောင်း တွေကို MSFC အနေနဲ့ ဘာများ ပြောချင်တာရှိမလဲ။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ MSFC ရဲ့ကိုယ်စားလှယ်ကို NUCC မှာပူးပေါင်းပြီးမှလည်း ရွေးကောက်ပွဲ တိုက်ဖျက်ရေးကော်မတီမှာလည်း MSFCက ကိုယ်စားလှယ်ပို့တာ ရှိပါတယ်။

-နောက်ဆုံးအနေနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့မှာ မွန်ပြည်အတွင်းက တော်လှန်ရေးအင်အားစုအားလုံးနဲ့အတူ ဘယ်လိုမျိုး ပူးပေါင်း စည်းရုံးလုပ်ဆောင်သွားဖို့ ရှိနေလဲ။

MSFC သည် NUCC,NUG များနဲ့အတူ MSFC မွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့် မွန်ပြည်ရဲ့ ဥပဒေပြု ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများကိုလည်း တစိုက်မတ်မတ်လုပ်ဆောင်သွားနိုင်ဖို့ မွန်ပြည်နယ်ရှိ တခြား တိုင်းရင်းသား ဥပမာ_ပအို့ဝ်၊ ကရင်၊ ဗမာတိုင်းရင်းသားများလည်း MSFCမှာ ပူးပေါင်း ပါဝင်လာကြရန် ၊ပူးပေါင်း ပါဝင်လာကြပြီးမှ ကျွန်မတို့ မွန်ပြည်အရေး နဲ့အတူ NUCC,NUG တို့ တောင်းဆိုတဲ့ စစ်အာဏာရှင်မှန်သမျှကို တိုက်ဖျက်ပြီးမှ ကျွန်မတို့မျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေ စီပြည်ထောင်စုကို လျှောက်လှမ်းဖို့ ညီလာခံမှာ အတည်ပြုထားကြတာဖြစ်ပါတယ်။ MSFC အနေနဲ့လည်း မွန်ပြည်ဖက်ဒရယ် ကောင်စီရဲ့ အရှေ့လာမယ့် တာဝန်များကိုလည်း မွန်ပြည်ရှိ ပြည်သူများနဲ့အတူ မွန်ပြည်သူအပါအဝင် တခြားတိုင်းရင်းသား အစုအဖွဲ့များ ၊ တခြား နွေဦးတော်လှန်ရေးအစုအဖွဲ့များနဲ့အတူ စုပေါင်းပြီးမှ တိုက်ပွဲဝင်ကြဖို့ကို ဖိတ်ခေါ်ရင်း မွန်ပြည်ဖက် ဒရယ်ကောင်စီရဲ့ တာဝန်များကိုလည်း တတ်အားသ၍ ဆောင်ရွက်သွားကြမယ်လို့ ဖြေကြားပေးချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.