ပေါက် – ဇန်နဝါရီ(၂၈)

မကွေးတိုင်း၊ပေါက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ဆေးရေးလုပ်နေတဲ့ နေရာကို စစ်ကောင်စီတပ်ရဲ့ အရပ်သားကားနဲ့ လိုက်လာတဲ့ ဗိုလ်ကြီးအဆင့်ရှိသူနဲ့ တပ်ကြပ် တစ်ဦး ပစ်ခတ်ရှင်းလင်းခံရလို့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ(၂၇) ရက်နေ့က ပေါက်မြို့ အရှေ့ဘက် (၄) မိုင်အကွာ ယာကြီးပင်ပျူစောထီး ရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားလေးဦးပါတဲ့ Mark-2 အမျိုးအစားကားကို အုန်းတာ ရွာအနီးမှာ တိုက်ခိုက်ခဲ့တာပါ။

ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးနဲ့ ဗိုလ်အဆင့်ရှိသူ ထိန်လင်းစိုး ဆိုသူကတော့ သေနတ်ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) က ဗိုလ်လက်ျာက သံလွင်တိုင်းမ် ကိုပြောပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦး ပေါင်မှာ သေနတ်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ ဖနှောင်မှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သူက ပြောပါသေးတယ်။

တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီဘက်ကကားကို မီးရှို့ဖို့ ပြင်ဆင်ခဲ့ပေမယ့် စစ်ကူလာဖို့ နီးကပ် တာနဲ့ လုံခြုံရေးကျိုးပေါက်မှာ စိုးရိမ်ရတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကနေ MA-3 သေနတ်တစ်လက်၊ကျည်ဘောက်တစ်ခုအပါအဝင် ကျည်(၆၈) တောင့်၊ Icon တစ်လုံး၊ကျည်ကာတစ်ထည်ရရှိခဲ့ပြီး မြိုင် ပ.က.ဖ တပ်ရင်း(၁) ၊ပေါက်ကျေးရွာကာကွယ် ရေး အဖွဲ့တွေနဲ့ YDF တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ် 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.