မော်လမြိုင်၊ ဇန်နဝါရီ (၂၉)

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်တာကာလအတွင်း စီးပွားရေးအကျပ်အတည်းတွေနဲ့အတူ စားဝတ်နေရေး အခက်အခဲတွေကြောင့် ဆေးမကုသနိုင်တော့တဲ့အတွက် မသန်စွမ်းသူတွေ အသက်သေ ဆုံးတာတွေအထိ ရှိလာတယ်လို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မသန်စွမ်းသူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်း အဆမတန်မြင့်တက်လာတဲ့ ပြဿနာတွေအပြင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာတာ၊ အထွေ ထွေကုန်ကျ စရိတ်ကြီးမြင့်မှုကို အကြီးအကျယ်ရင်ဆိုင်နေရတာပါ။

တဖက်မှာတော့ မသန်စွမ်းသူတွေဟာ စစ်ကောင်စီလက်ထက်မှာ အခြေခံအခွင့်အရေးတွေအပြင် ကျန်း မာရေးစောင့်ရှောက်မှုတွေကအစ ဆုံးရှုံးနေတာ ဖြစ်ပါတယ်။

အခုလို အခြေအနေတွေကြောင့် ဝင်ငွေမရှိတဲ့မသန်စွမ်းသူတွေဟာ ကျန်းမာရေးအတွက် ဆေးမကုသနိုင်တော့တာကြောင့် အသက်သေဆုံးမှုတွေအထိ ရှိလာနေတယ်လို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

“လက်ရှိမှာကတော့ နဂိုထက်ပိုပြီးတော့ ခက်ခဲတာပေါ့။ မသန်စွမ်း အကုန်လုံးပေါ့နော်။ ဘာလို့လဲဆိုတော့ အရင်ထက်စာရင် ကုန်ဈေးနှုန်းက (၂)ဆပေါ့၊ ပြီးတော့ ပိုက်ဆံရှာရခက်လာတယ်။ တစ်နေ့လုပ်၊ တစ်နေ့စားကိုတောင်မှ သူတို့မှာအရင်တုန်းကဆို နားချိန်ရှိမယ်ဗျာ။ အဲဒီတော့ အခုဆို နားချိန်မရှိဘူး။ ဟိုအခါတိုင်း နေ့ဝက်လောက် (၃၀၀၀) ရှာလို့ရရင် တစ်နေ့လုံးမှ (၃၀၀၀)ပဲ ရှာလို့ရတဲ့ ပုံစံအနေအထားမျိုးတွေဖြစ်တယ်။ ကျန်းမာရေးအရကတော့ တချို့တွေဆိုရင်လည်း ဒီဆေးကုသမှုစရိတ်မရှိတဲ့အခါကျတော့လည်း အသက်ဆုံးရှုံးရတဲ့ အခက်အခဲအခြေအနေထိတော့ ကြုံရတာမျိုးတွေ မြင်ရ၊ တွေ့ရ၊ ကြားရတာပေါ့နော်” လို့ ဆိုပါတယ်။

ဒါ့အပြင် မသန်စွမ်းတွေဟာ ကုမ္ပဏီတွေနဲ့ လုပ်ငန်းခွင်တွေမှာ တခြားလူတွေထက် ဝန်ထမ်းလျော့ချမှုကို ပိုမိုခံစားရသလို အိမ်တွင်းတနိုင်တပိုင် အသေးစားလုပ်ငန်းလုပ်ကိုင်နေတဲ့ မသန်စွမ်းသူတွေကလည်း ကုန်ဈေးနှုန်း အဆမတန်မြင့်မားမှုကြောင့် လုပ်ငန်းတွေရပ်နားလိုက်ရတာတွေ ရှိလာနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မသန်းစွမ်သူတွေဟာ စားဝတ်နေရေးကျပ်တည်းပြီး အလုပ်အကိုင်အခွင့်အလမ်း ရှား ပါးလာတာကြောင့် ကိုယ့်ကျန်းမာရေးကိုယ် မစောင့်ရှောက်နိုင်တော့တဲ့အတွက် စိတ်ကျန်းမာရေးကအစ ထိခိုက်လာသလို စားဝတ်နေရေးအတွက်လည်း တောင်းရမ်းစားသောက်နေရတယ်လို့ မသန်စွမ်းအရေး ဆောင်ရွက်နေသူတစ်ဦးက ဆိုပါတယ်။

“စားဝတ်နေရေးတွေ ကျပ်တည်းလာတယ်ဗျာ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုကအစ ကိုယ့်ကျန်းမာရေးကိုယ် မစောင့်ရှောက်နိုင်လောက်အောင်တွေ များလာတာပေါ့နော်။ အဓိက စားဝတ်နေရေးကို ရုန်းကန်နေရတာကို၊ ကျန်းမာရေးစောင့်ရှောက်မှုက မလုပ်နိုင်ဘူး။ ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့တွေကလည်း တော်တော်နည်းလာတယ်လေ၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးရှိတာပေါ့နော်။ စီးပွားရေး ကျပ်တည်းတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ နည်းလာတယ်။ စိတ်ခွန်အားတွေလည်း အရမ်းနည်းလာတာပေါ့ဗျာ။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာတယ်။ မသန်စွမ်းတွေအများစုက တောင်းရမ်းစားသောက်ရတဲ့ ဘဝတွေ ဖြစ်ကုန်တယ်ဗျာ။ ကူညီထောက်ပံ့မှုဆိုတာလည်း အမြဲတမ်း မပေးနိုင်ဘူးလေ၊ တောင်းရမ်း စားသောက်ရတာတွေ ဘဝလုံခြုံမှု မရှိတော့တာတွေ နောက်ဆက်တွဲက လူမှုရေး ပြဿနာပေါင်းများစွာ ရှိလာတာပေါ့နော်”လို့ ဆိုပါတယ်။

မသန်စွမ်းသူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေအပါအဝင် အခွင့်အရေးအားလုံး ဆုံးရှုံးလာတဲ့အတွက် ပိုမိုကျပ်တည်းကာ တစ်ရက်တာ စားသောက်ဖို့အတွက်ပင် မနည်းရုန်းနေရတာပါ။

မသန်စွမ်းသူတွေရဲ့ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို အချိန်မီကူညီဆောင်ရွက်ပေးဖို့ လိုအပ်ပြီး မကူညီနိုင်ပါက မသန်စွမ်းသူတွေရဲ့ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာအပြင် အသက်သေဆုံးမှုတွေ ပိုမိုမြင့်တက် လာနိုင်တယ်လို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာတော့ (၂၀၁၉)ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေရဲ့ ၁၂ ဒသမ ၈ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့်လည်း မသန်စွမ်းသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ် 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.