နေပြည်တော်၊ ဇန်နဝါရီ(၂၉)

စစ်ကောင်စီပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့် စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီကလွဲပြီး ကျန်နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေပါ ဆက်လက်ရပ်တည်ရှင်သန်ဖို့ ခက်ခဲလာကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပါတီဝင်တစ်သိန်းနဲ့ ပါတီရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ရှိဖို့လိုတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုးပြီး ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြဌာန်းလိုက်တာပါ။

အဲဒီဥပဒေရဲ့ ပုဒ်မ ၅ (စ) နဲ့ (ဆ) အရ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ရင် ပါတီမှတ်ပုံ တင်တဲ့ရက်ကစပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀,၀၀၀ ရှိရမှာဖြစ်သလို ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမယ်လို့ ပြဌာန်းထားတာပါ။

အလားတူ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုခုမှာ စည်းရုံးမယ့်ပါတီဆိုရင်လည်း ပါတီဝင်ဦး ရေအနည်းဆုံး ၁၀၀၀ ရှိရမှာဖြစ်ပြီး ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှာ ငွေစာရင်း ဖွင့်လှစ်ရမယ်လို့ ဆိုပါတယ်။

မြန်မာတစ်နိုင်ငံလုံးကို စည်းရုံးရေးဆင်းဖို့ အရင်ကမှတ်ပုံတင်ထားတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကတော့ ဒီဥပဒေပြဌာန်းချက်တွေကြောင့် ပါတီမှတ်ပုံတင်ဖို့ အခက်အခဲရှိသွားပြီလို့ ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီဆိုရင် မြန်မာတစ်နိုင်ငံလုံးကို စည်းရုံးရေးဆင်းဖို့အတွက် မှတ်ပုံတင်ထားတဲ့ ပါတီဖြစ်တယ်။ အခုထွက်လာတဲ့ ဥပဒေအတိုင်းဆိုရင် မြန်မာတစ်နိုင်ငံလုံးကို စည်းရုံးရေးဆင်းဖို့အတွက် ပါတီမှတ်ပုံတင်ဖို့အတွက် တော်တော်အခက်အခဲရှိသွားပြီ ဖြစ်တယ်။ ဘာလို့ဆို ငွေသိန်းတစ်ထောင်ရော၊ ပါတီဝင် အင်အားတစ်သိန်းရော၊ နိုင်ငံတဝန်းလုံး မြို့နယ်ထက်ဝက် ရုံးခန်းဖွင့်ရမယ်ဆိုတော့ ရခိုင်အမျိုးသားပါတီအနေနဲ့ နိုင်ငံတဝန်းလုံးကို စည်းရုံးရေးဆင်းဖို့ မှတ်ပုံတင်ဖို့အတွက် လုံးဝအခက်အခဲ အကျပ်အတည်းရောက်သွားတဲ့ အခြေအနေမျိုးရှိတယ်လို့ ပြောလိုတယ်”လို့ သူက ဆိုပါတယ်။

ရခိုင်အမျိုးသားပါတီအနေနဲ့ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အပါအဝင် ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာရှိတယ်လို့ ဦးသာထွန်းလှက ပြောပါတယ်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးကလည်း စစ်ကောင်စီပြဌာန်းလိုက်တဲ့ ဥပဒေကြောင့် နိုင်ငံရေးပါတီတည်ထောင်ချင်ရင်တော့ ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပေမယ့်အခက်အခဲ ရှိလာတယ်လို့ ဆိုပါတယ်။

“UEC မဟုတ်ဘူးပေါ့လေ၊ အခုထုတ်တာ မင်းအောင်လှိုင်လက်မှတ်နဲ့ဆိုတော့ နစကပေါ့။ ပါတီထောင်ချင်တယ်ဆိုတော့လည်း လက်ရှိတာဝန်ရှိနေတဲ့အဖွဲ့အစည်းက ညွှန်ကြားတဲ့အတိုင်းပဲ လုပ်ရမှာပေါ့။အခက်အခဲက ရှိမှာပေါ့လေ။ ဒီနေ့ မနက်မှသိတယ်ဆိုတော့ ကျွန်တော်တို့ကတော့ ပြန်တိုင်ပင်ရမယ်။အခက်အခဲကတော့ နည်းနည်းပါးပါးတော့ ရှိမှာပေါ့ဗျာ။ အဲဒီလောက်ပဲ ကျွန်တော်တို့ ပြောနိုင်ဦးမယ်” လို့ သူက ဆိုပါတယ်။

အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီ ဥပဒေ ပုဒ်မ ၅ (ဇ) မှာတော့ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့် ပါတီအနေနဲ့ ရက်ပေါင်း ၁၈၀ အတွင်း တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ရုံးခန်းဖွင့်လှစ်ရမှာဖြစ်သလို တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုခုမှာ စည်းရုံးမယ့် ပါတီဆိုရင် အနည်းဆုံး ၅ မြို့နယ် ပါတီရုံးခန်းဖွင့်လှစ်ရမယ်လို့ ပြဌာန်းထားပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၊ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကလည်း ဒီဥပဒေဟာ ပြည်ထောင်စုအဆင့်မှာဝင်ပြိုင်မယ့် USDP ကလွဲပြီး ကျန်ဘယ်နိုင်ငံရေးပါတီကိုမှ အနားမကပ်နိုင်အောင် လုပ်ဆောင်လိုက်တာလို့ သုံးသပ်ပါတယ်။

“တိုင်းရင်းသားနိုင်ငံရေးပါတီတွေကို ပြည်ထောင်စုအဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲနဲ့ သက် ဆိုင်ရာ ပြည်နယ်တွေကို တွန်းထုတ်လိုက်တဲ့ သဘောလို့ ယူဆလို့ ရတာပေါ့။ ပြည်ထောင်စုအဆင့်မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့်ပါတီကတော့ စစ်တပ်နဲ့နီးစပ်တဲ့ USDP ကလွဲပြီး ကျန်ဘယ်ပါတီမှ အနားမကပ်နိုင်အောင် လုပ်ဆောင်လိုက်တဲ့ ဥပဒေလို့ပဲ နားလည်လိုက်ပါတယ်ဗျ။ တကယ်လို့များ တိုင်းရင်း သားနိုင်ငံရေးပါတီတွေရဲ့ ပြည်ထောင်စုတစ်ဝန်းလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ချင်တယ်၊ စည်းရုံးချင်တယ်ဆိုလို့ရှိရင် မြို့နယ်ပေါင်းက အနည်းဆုံး ၁၆၅ မြို့လောက် သွားဖွင့်ရမယ်ဆိုတော့ ဘယ်တိုင်းရင်းသားပါတီမှ လုပ်ဆောင်နိုင်တဲ့ အနေအထားမရှိဘူးလို့ ကျွန်တော်မြင်တာပေါ့”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေမှာ ပါတီတည်ထောင်လိုသူတွေနဲ့ ပါတီဝင်တွေဟာ ထောင်ဒဏ်ကျခံနေရသူမဖြစ်ရသလို မတရားအသင်းကြေညာခံထားရသူတွေလည်း မဖြစ်ရဘူးလို့ ပြဌာန်းထားတာပါ။

ဒါကြောင့် ဖမ်းဆီးထောင်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် (NLD) ပါတီ၊ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ စစ်ကောင်စီပြဌာန်းလိုက်တဲ့ဥပဒေကြောင့် NLD ပါတီဟာ အလိုအလျောက်ပျက်ပြယ်သွားမယ့် အနေအထားဖြစ်နေတာပါ။

ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့် ပါတီအနေနဲ့ လွှတ်တော်အရပ်ရပ်မှာ မဲဆန္ဒနယ်ရဲ့ ထက်ဝက်မှာ ဝင်ပြိုင်ရမှာဖြစ်သလို တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုခုမှာ စည်းရုံးမယ့်ပါတီဆိုရင် အနည်း ဆုံး မဲဆန္ဒနယ်တစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်လို့ ဆိုထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းကတော့ ဒီဥပဒေဟာ ပြည် ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ပြိုင်မယ့် တစ်နိုင်ငံလုံးလွှမ်းခြုံပြီးယှဉ်ပြိုင်မယ့်ပါတီတွေ လုံးဝမရှိဖို့ ကန့်သတ်ထားတာလို့ သုံးသပ်ပါတယ်။

“အခုဥပဒေဟာ တစ်နိုင်ငံလုံးခြုံပြီးတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ပြိုင်မယ့် ပါတီတွေကို လုံးဝမရှိအောင်အထိ ကန့်သတ်ထားတဲ့သဘောဖြစ်တယ်။ အခြားပါတီတွေကို မပါဘူးလားဆိုတော့ ပါနိုင်အောင်အတွက် ပါတီစုံမှာ အခြားတိုင်းရင်းသားပါတီတွေလည်း ပါနိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင် နည်းနည်းဈေးလျှော့ပြီးတော့ ပါတီဝင်တစ်ထောင်ဖြစ်ရမှာတို့၊ မဲဆန္ဒနယ် ၅ နေရာ ဝင်ပြိုင်ရမှာတို့ အဲဒီလို ဈေးလျှော့ပြီး လမ်းဖွင့်ပေးထားတယ်။ ဒါကြောင့် ဒီကိစ္စက သူတို့ အစိုးရဖွဲ့နိုင်မယ့်ပါတီကို အပြတ်မပေါ်ရအောင် ထိန်းချုပ်ထားတယ်လို့ ကျွန်တော်မြင်ပါတယ်ခင်ဗျ”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေမှာတော့ တည်ဆဲနိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေပြဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ထံ မှတ်ပုံတင်ရမှာဖြစ်ပြီး အဲဒီလို မှတ်ပုံမတင်ရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုလိုပျက်ပြယ်တယ်လို့ ပြဌာန်ထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရ လက်ရှိတည်ဆဲနိုင်ငံရေးပါတီများ စာရင်းမှာတော့ ပါတီပေါင်း ၉၁ ပါတီအထိ ရှိနေပြီး စစ်ကောင်စီပြဌာန်းလိုက်တဲ့ ဥပဒေကြောင့် တိုင်း ရင်းသားနိုင်ငံရေးပါတီ တချို့တစ်ဝက် ကျန်ကောင်းကျန်နိုင်တယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် ပြည်ထောင်စုတစ်ဝန်းလုံးမှာ စစ်တပ်နဲ့နီးစပ်တဲ့ ပါတီကလွဲရင် ကျန်ဘယ်ပါတီမှ မှတ်ပုံတင်လို့မရအောင် ဖန်တီးထားတာဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ လုံးဝကျဆုံးသွားတဲ့အနေအထား ရောက်သွားလိမ့်မယ်လို့ နိုင်ငံရေးသမားတွေက ထောက်ပြပါတယ်။

သတင်း – သံလွင်တိုင်းမ် 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.