ရန်ကုန်၊ ဇန်နဝါရီ(၂၈)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်နိုင်မယ့် ပုဒ်မတွေထည့်သွင်းထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို စစ်ကောင်စီက ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြဌာန်းလိုက်ပါတယ်။

အဲဒီဥပဒေမှာ အခန်း ၅ ခန်းနဲ့ ပုဒ်မပေါင်း ၂၇ ခု ပါဝင်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉ အရ လက်မှတ်ရေးထိုးကာ အရင်စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ပြဌာန်းထားတဲ့ ဥပဒေကိုလည်း အခုဥပဒေနဲ့ ရုတ်သိမ်းတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၀ (င) ပါ ဖော်ပြချက်အရ ပါတီဝင်တွေဟာ ထောင်ဒဏ်ကျခံနေရသူမဖြစ်ရဘူးလို့ ပြဌာန်းထားတာပါ။

အဲဒီပုဒ်မကို အရင်စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ ပြဌာန်းထားပြီး ၂၀၁၄ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပယ်ဖျက်ထားပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အဲဒီချက်ကို ပြန်လည် ထည့်သွင်းထားတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မအမျိုးမျိုးနဲ့စွပ်စွဲပြီး ထောင်ဒဏ်တွေ ချမှတ်ထားတာပါ။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စား လှယ်တွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ချတာတွေလည်း ဒီကနေ့အထိဖြစ်ပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်ကောင်စီအနေနဲ့ NLD ပါတီကို တရားဝင်ဖျက်သိမ်းတာထက် ဥပဒေအရ ပါတီမှတ်ပုံမတင်တာ၊ တင်ရင်လည်း ဥပဒေအရငြိစွန်းအောင်လုပ်ပြီး အလိုလိုပျက် ပြယ်သွားအောင်လုပ်တာလို့ သုံးသပ်ပါတယ်။

“တရားဝင်ဖျက်သိမ်းတယ်ဆိုတာထက် သူ့အလိုအလျောက် ဒီဘက်က ရွေးကောက်ပွဲကို အသိအမှတ်မပြုလို့ ။ NLD ပါတီက မှတ်ပုံမတင်လို့ဖြစ်စေ၊ မှတ်ပုံတင်လာရင်တောင် ဥပဒေက အလိုလိုပျက်ပယ်သွားအောင်ဖြစ်စေ သူတို့ အဲဒီလိုအချက်နှစ်ချက်နဲ့ NLD ပါတီကို ပြန်ပြီးတော့ ရွေးကောက်ပွဲမပြိုင်နိုင်အောင် ပါတီမရပ်တည်နိုင်အောင်လုပ်ဖို့ မြင်နေရတယ်။ NLD ပါတီကို တရားဝင် ကြေညာချက်ထုတ်ပြီး မဖျက်ဘူး။ ဒါပေမယ့် ဥပဒေက အလိုလိုပျက်သွားအောင်၊ ဒါမှမဟုတ် NLD ပါတီထဲမှာကို မှတ်ပုံ တင်မလုပ်ချင်သူတွေ၊ လုပ်တဲ့သူတွေ အဲဒီလိုစိတ်ဝမ်းကွဲပြီး ပါတီနှစ်ခြမ်းကွဲသွားအောင်၊ နောက်ပြီး တကယ်လို့ ဖွဲ့လာရင်တောင် ဥပဒေအရ ငြိစွန်းပြီးတော့ အလိုလိုပျက်ပြယ်သွားအောင် အဲဒီလိုရည်ရွယ် ချက်တွေနဲ့ လုပ်နေတယ်လို့ မြင်ပါတယ်”လို့ သူက ထောက်ပြပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၇ (ခ) အရ နိုင်ငံတော်ကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ သောင်းကျန်းသူအဖွဲ့အစည်း၊ ဒါမှမဟုတ် အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တယ်လို့ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေ ဒါမှမဟုတ် ဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရတဲ့အဖွဲ့အစည်း ဒါမှမဟုတ် အဲဒီအဖွဲ့အစည်းဝင်တွေနဲ့ တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်ဖြစ်စေ ဆက်သွယ်တာ ဒါမှမဟုတ် အားပေးကူညီခြင်းပြုတဲ့ အဖွဲ့အစည်းဖြစ်ရင် နိုင်ငံရေးပါတီအဖြစ် မှတ် ပုံတင်လျှောက်ထားခွင့်မရှိစေရဘူးလို့ စစ်ကောင်စီက ပြဌာန်ထားတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော် မတီ (CRPH) ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတာပါ။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေပါဝင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စစ်ကောင်စီက ကြေညာထားပေမယ့် NLD ပါတီကိုတော့ နိုင်ငံရေးပါတီကနေ ဖျက်သိမ်းထားခြင်း မရှိသေးပါဘူး။

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးကတော့ လက်ရှိအခြေအနေဟာ ပါတီဝင်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အဆင့်က မြင့်မားနေပြီး အာဏာသိမ်းချိန်ကနေ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအာလုံးဟာ တရားမဝင်ဘူးလို့ တုံ့ပြန်ပါတယ်။

“အခုအခြေအနေမှာ ကျွန်တော်တို့ပါတီဝင်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အဆင့်က အင်မ တန်မှမြင့်မားနေတဲ့အတွက် ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေအနေပါဗျာ။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ သူတို့ ဘာတွေပဲလုပ်လုပ်ဗျာ တရားမဝင်ဘူးဆိုတာ ပြောချင်တယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းလာတကည်းက တရားမဝင်မှုဟာ နောက်ပိုင်းလုပ်ရပ်အားလုံးကလည်း တရားမဝင်တဲ့ လုပ်ရပ်များသာဖြစ်တယ်လို့ပဲ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်”လို့ သူက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးထဲက NLD ပါတီဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတာဖြစ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ စာရင်းတွေအရ NLD ပါတီဝင် (၁၁၆၉) ဦးဖမ်းဆီးခံထားရပြီး (၆၇) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပါတီရုံးချုပ်အပါအဝင် အဆင့်ဆင့်သောရုံးတွေကိုလည်း ကျူးကျော်ဝင်ရောက်မှု ၁၂၀ ကြိမ် ရှိပြီး ပိုင်ဆိုင်မှုတွေကို ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ပါတီဝင်၂၇၄ ဦးရဲ့ ပိုင်ဆိုင်မှုနေအိမ်တွေ ချိတ်ပိတ်သိမ်းဆည်းခံရမှုမှာ လွှတ်တော်ကိုယ်စားလှယ် ၁၃၆ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် စစ်ကောင်စီလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ လုံးဝအသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ အတိအလင်း ကြေညာထားပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပုဒ်မ ၂၅ အရ တည်ရှိနေတဲ့ နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုရင် အခုဥပဒေပြဌာန်းတဲ့ရက်ကစပြီး ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ကို ဥပဒေနဲ့အညီ ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမှာဖြစ်ပြီး လျှောက်ထားခြင်းမရှိရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်တယ်လို့ ပြဌာန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.