ရေး၊ ဇန်နဝါရီ (၂၈)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ကနင်ကမော့နဲ့ အောင်သာယာကျေးရွာကြားရှိ သံဖြူဇရပ် – ရေးကား လမ်းမှာ ဇန်နဝါရီလ (၂၇) ရက် ညနေ(၆)နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးငယ်တစ်ဦး အပါအဝင်လူ(၅) ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

အဲဒီယာဉ်တိုက်မှုဟာ ရေးဘက်ကနေ သံဖြူဇရပ်ဘက်ကို မောင်းနှင်လာတဲ့ မှန်လုံယာဉ်တစ်စီးနဲ့ သံဖြူဇရပ် ဘက်မှ ရေးဘက်သို့ မောင်းနှင်လာတဲ့ ပရိုဘောက်ယာဉ်တို့ တိုက်မိခဲ့တာဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ပရိုဘောက်ယာဉ်ပေါ်မှာစီးနင်းလာတဲ့ ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦးနဲ့ အသက် (၇) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး (၃) ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ အခင်းဖြစ်ရာ နေရာကို သွားရောက်ကူညီပေးခဲ့တဲ့ ရေးမြို့နယ်အခြေစိုက် လမိုင်းပရဟိတလူငယ်အဖွဲ့က ဆိုပါတယ်။

“Dead Body တွေက ကားထဲမှာ ညှပ်နေကြလို့ ရွှေဟင်္သာပရဟိတလူမှုကူညီရေးအသင်းရယ်၊ ကျွန်တော်တို့အ သင်းရယ်၊ နောက်ပြီးတော့ မေတ္တာရှေ့ထားလူမှုကယ်ဆယ်ရေးအသင်း (အစင်) ရယ်၊ အနီးအနားမှာရှိ နေကြတဲ့ ပြည်သူတွေ ဝိုင်းဝန်းပြီး ထုတ်ယူခဲ့ရပါတယ်” လို့ လမိုင်းပရဟိတအဖွဲ့မှ တာဝန်ရှိတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း သံဖြူဇရပ် – ရေးလမ်းပိုင်းဟာ ညပိုင်းအချိန်တွေမှာ ယာဉ်မတော် တဆ မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး လူသေဆုံးမှုတွေဖြစ်ပွားလေ့ရှိတယ်လို့ မွန်ပြည်နယ်အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအသင်းတွေထံမှသိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.