မော်လမြိုင်၊ ဇန်နဝါရီ(၂၈)

မွန်ပြည်နယ်မှာ ကွမ်းရွက်ထွက်ရှိမှုနှုန်း သိသိသာသာကျဆင်းလာပြီးနောက် ကွမ်းရွက်ဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာတယ်လို့ ကွမ်းရွက်ရောင်းဝယ်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကွမ်းရွက်ဈေးနှုန်းဟာ ပြီးခဲ့တဲ့လပိုင်းတွေက အမျိုးအစားအပေါ်မူတည်ပြီး တစ်ပိဿာ ကျပ် ၆၀၀၀ နဲ့ ၇၀၀၀ ကြားသာရှိရာကနေ ဇန်နဝါရီ နောက်ဆုံးအပတ်မှာတော့ ကျပ် ၁၅၀၀၀ ကနေ ကျပ် ၁၈၀၀၀ လောက်အထိ ဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ကွမ်းရွက်ဈေးနှုန်းဟာ ကွမ်းထွက်ရှိမှုနှုန်း လျော့ကျလာတာ၊ သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်မှုတွေကြောင့် ဈေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့ ကွမ်းရွက်ရောင်းဝယ်နေသူတစ်ဦးက ပြောပါတယ်။

“ဈေးနှုန်းတက်တာက ကွမ်းတွေက ဆောင်းရာသီရောက်တော့ ကွမ်းရှားလို့၊ အေးလို့ ၊ ကွမ်းတွေ အထွက် လျော့လို့။ ကွမ်းတွေဘာကြောင့် အထွက်လျော့တာလဲဆိုတော့ အဓိကကွမ်းက မိုးကိုကြိုက်တာ အဲဒါကြောင့်မို့လို့ဗျ။ စိုက်ပျိုးမှုကမနည်းပါဘူး။ များပါတယ်။ စိုက်ပျိုးမှုများပြီး အထွက်နည်းတာပေါ့ဗျာ။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ အရင်တုန်းကဆိုရင် (၇)ခြင်းလောက်ထွက်တဲ့သူက အခု (၂)ခြင်းလောက်ပဲ ထွက်တော့တယ်၊ ကွမ်းအထွက်လျော့တာကြောင့်ပဲ သက်ဆိုင်တာဗျ”လို့ ဆိုပါတယ်။

ကွမ်းရွက်ဈေးနှုန်း အဆမတန်မြင့်တက်လာတာကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေရသလို အရင်လိုမှာယူမှုတွေလည်း သိသိသာသာကျဆင်းလာတယ်လို့ ဆိုပါတယ်။

ကွမ်းစိုက်တောင်သူတစ်ဦးကတော့ ကွမ်းရွက်ဈေးနှုန်း မြင့်တက်လာရတာဟာ စစ်ရေးအခြေအနေတွေကြောင့် တောတောင်တွေရှိ ကွမ်းခြံတွေမှာ ကွမ်းရွက်သွားမခူးရဲတာ၊ သွင်းအာစုးတွေ မထည့်နိုင်တဲ့အတွက် အထွက်နှုန်းလျော့ကျဆင်းပြီး ဈေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့ ပြောပါတယ်။

“ကွမ်းရွက်ဈေးတွေ တအားတက်လာပြီးလေ။ ဘာကြောင့်လဲဆိုတော့ တောထဲ၊ တောင်ထဲမှာ သွားမခူးရဲတဲ့ ခြံတွေအမြောက်အများရှိတယ်။ ဒီဘက်မှာတော့ တချို့က ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်က ခြံတွေ ဒီလိုပဲ ပစ်ထားကြတယ်လေ။ တောနက်ထဲမှာတွေ၊ အခု ရွာပေါ်ခြံလောက်ပဲ သူတို့ ခူးနေကြတာ။ ရွာနားနီးတဲ့ ခြံလောက်ပဲ။ အထွက်နှုန်းကတော့ ပုံမှန်ထက်တော့ နည်းနည်းလျော့တာပေါ့။ ဒီလက နည်းနည်းအေးတော့ ကွမ်းက အထွက်နည်းနည်းလေးတာပေါ့။ အခုက (၃)မျိုးလောက်ရှိနေတာ ဒီ(၂)ခုထဲနဲ့ မဟုတ်သေးဘူး။ နောက်ပြီး ဝဲတွေဈေးကြီးတော့ မကျွေးနိုင်တာလည်း ပါတယ်လေ။ (၃)ခု တိုက်ဆိုင်နေတယ်”လို့ ဆိုပါတယ်။

ကွမ်းရွက်ဈေးနှုန်းတွေ မြင့်တက်နေပေမယ့် ကျေးရွာအတွင်း စစ်ရေးအခြေအနေတွေကြောင့် ကွမ်းရွက်ခူး လုပ်သားတွေ နည်းပါးလာတာကြောင့် လိုသလောက် ခူးယူရောင်းချလို့ မရတာတွေလည်း ရှိနေတာပါ။

ကွမ်းရွက်ဈေးနှုန်း အဆမတန် မြင့်တက်လာတာကြောင့် ကွမ်းတစ်ယာကို ကျပ် ၁၀၀ ကနေ ၁၂၀ ဈေးနှုန်းမြင့်တက်လာပြီး ကွမ်းယာ ၅၀၀ ဖိုးဆိုရင် ၄ ၊ ၅ ယာလောက်သာ ရကြတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ကွမ်းရွက်တွေကို ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်တွေက အဓိကထွက်ရှိတာ ဖြစ်သလို မုံရွာ၊ ပန်းတနော် မြို့နယ်အပြင် တခြားမြို့နယ်တွေကလည်း မှာယူတင်သွင်းတာရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.