မော်လမြိုင်၊ ဇန်နဝါရီ(၂၈)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်ဘူတာနဲ့ ကျိုက္ကသာဘူတာကြားမှာရှိတဲ့ ရထားလမ်း သံတံတား မိုင်းထောင်ဖောက်ခွဲခံရပြီးနောက် မော်လမြိုင်-ရန်ကုန် ရထားပြေးဆွဲမှု ယာယီရပ်နားလိုက်တယ်လို့ မော်လမြိုင်ဘူတာတာဝန်ရှိသူတွေထံကနေ သိရပါတယ်။

အဲဒီရထားလမ်းသံတံတားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ မနက် ၄ နာရီအချိန်လောက်မှာ မိုင်းထောင်ဖောက်ခွဲခံရတဲ့အတွက် ရထားသံလမ်းတွေ ကွေ့ကောက်သွားတာရှိသလို တံတားနံရံတွေလည်း အက်ကွဲတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရထားလမ်းသံတံတား ပျက်စီးသွားတာကြောင့် တံတားကြံ့ခိုင်မှု အခြေအနေအရ ရထားဖြတ်သန်းလို့ မရတော့တဲ့အတွက် ဒီနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ အမှတ် (၈၂) အစုန် RBE ရထားနဲ့ အမှတ် (၉၀) အစုန် လေအိတ်အမြန်ရထား ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။

ဖျက်သိမ်းလိုက်တဲ့ မော်လမြိုင်-ရန်ကုန် ခရီးစဉ်အတွက် လက်မှတ်ဝယ်ထားတဲ့ ခရီးသည်တွေကိုတော့ မော်လမြိုင်ဘူတာကြီးရဲ့ နေ့ချင်းလက်မှတ်ရုံမှာ ဒီနေ့ နံနက် (၆)နာရီကစပြီး လက်မှတ်ခငွေတွေ ပြန်လည်ပေးချေသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မော်လမြိုင်ဘူတာ တာဝန်ရှိသူတစ်ဦးကတော့ ရထားလမ်းသံတံတား ပြန်လည်ပြင်ဆင်ဆောင်ရွက်နေ တာကြောင့် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ် ပြန်လည်ပြေးဆွဲဖို့ တစ်ပတ်လောက် ကြာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

မော်လမြိုင်- ရန်ကုန်ရထားလမ်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၆ ကြိမ်ထက်မနည်း မိုင်းထောင် ဖောက်ခွဲခံနေတာကြောင့် မကြာခဏဆိုသလို ရထားပြေးဆွဲမှု ယာယီရပ်နားနေရတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ညရထားခရီးစဉ်အသစ် တိုးချဲ့ပြေးဆွဲခဲ့ပေမယ့် ရထားလမ်းမိုင်းဆွဲ တိုက်ခိုက်ခံရတာကြောင့် တစ်ပတ်လောက်သာ ပြေးဆွဲခဲ့တဲ့ ညရထားခရီးစဉ်ကို ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

မော်လမြိုင်- ရန်ကုန် ရထားခရီးစဉ်အဖြစ် နေ့စဉ် နံနက် ၉ နာရီမှာ လေအိတ်ရထား ပြေးဆွဲခဲ့သလို အပတ်စဉ် တနင်္ဂနွေ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့ မနက် ၈ နာရီခွဲအချိန်မှာ မော်လမြိုင်-ရန်ကုန် RBE အမျိုးအစား နေ့ရထား ပြေးဆွဲနေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.