မတူပီ – ဇန်နဝါရီ(၂၈)

ချင်းပြည်နယ်၊ မတူပီမြို့ ဇင်ဇေ့ရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ(၃) စီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ ဒေသခံတွေထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၇) ရက်မနက်ပိုင်းက နေပြည်တော်ကပျံတက်လာတဲ့ ဂျက်ဖိုက်တွေရဲ့ တိုက်ခိုက်မှုတွေခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် (၂) ဦးသေဆုံး ထားပြီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

စစ်ကောင်စီဟာ မတူပီ-ဂန့်ဂေါထိစပ်နယ်မြေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဖို့အတွက် ဇန်နဝါရီ(၂၅) ရက်နေ့တည်းက ကင်းထောက်ပျံသန်းတာတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဇင်ဇေ့ရွာက စာသင်ကျောင်းမှာ CDF ရဲဘော်တွေက ကျောင်းသားတွေနဲ့ ပြည်သူတွေ ကိုလုံခြုံရေးယူပေးနေကြသူတွေဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ တပ်စခန်းနဲ့ မြို့ပေါ်နေရာတချို့ကလွဲရင် မတူပီမြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ နယ်မြေစိုးမိုးထားတဲ့ နေရာဖြစ်ပြီး စစ်ရေးအခြေအနေတင်းမာနေတဲ့နေရာ ဖြစ်တယ် လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု နောက် ဆက်တွဲအခြေအနေကို သံလွင်တိုင်းမ်အနေနဲ့ အသေးစိတ်သိနိုင်ဖို့ ဆက်သွယ်နေပေမယ့် ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အတွက် အတည်မပြုနိုင်ခဲ့ပါဘူး။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီ က လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့ ဒေသတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတဲ့ အတွက် ပြည်သူ (၂၀၀) ကျော်သေဆုံးထားပြီး NUG အစိုးရကတော့ ကုလသမဂ္ဂမှာ No Fly Zone သတ်မှတ်ပေးဖို့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.