ကြာအင်းဆိပ်ကြီး – ဇန်နဝါရီ(၂၈)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် သံပုရာကျေးရွာနားက ဒါလီကျောင်းကူး ကွန်ကရစ် တံတားကို ဒီနေ့ဇန်နဝါရီ(၂၈) ရက်မနက်အစောပိုင်းက မိုင်းထောင်ဖောက်ခွဲခဲ့တဲ့အတွက် ပြိုကျ သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါလီချောင်းကူး တံတားဟာ သံပုရာကျေးရွာနဲ့ ရွှေလင်းကျေးရွာကြားမှာရှိပြီး မိုင်းထောင်ဖောက် ခွဲခံလိုက်ရတဲ့အတွက် ကားတွေဖြတ်သန်းသွားလာလို့ မရတော့ဘူးလို့ သိရပါတယ်။

“မနက်အစောကြီးက ပေါက်ကွဲသံ(၃) ကြိမ်လောက်ကြားလိုက်ရတယ်။ နောက်တော့ပြိုကျသံ ကြားရတယ်။ မနက်သွားကြည့်ကြတော့ တံတားတစ်ဘက်က ချောင်းထဲပြိုကျနေတာတွေ့ရ တယ်” လို့ ဒေသခံတစ်ဦးက သံလွင်တတိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် တံတားပြိုကျသွားတဲ့နေရာဟာ ရွှေလင်းကျေးရွာဘက်မှာဖြစ်ပြီး ကားတွေ ဆိုင်ကယ် တွေ လုံးဝသွားလာလို့ မရတော့တဲ့ အခြေအနေဖြစ်နေတယ်လို့ သူက ပြောပါသေးတယ်။

မုံဒုံ- ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပေါ်မှာရှိတဲ့ ဒါလီချောင်းကူး ကွန်ကရစ် တံတားပြိုကျသွားတဲ့အတွက် ခရီးသည်တွေနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းကြောင်းကို ခရီးသည်တွေဟာ မြေပြင် အခြေအနေအရ အသုံးမပြုကြတော့ဘဲ မုဒုံ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းကိုသာ အဓိက အသုံးပြုနေရတာဖြစ်ပါတယ်။

ဒါလီချောင်းကူး တံတား ဖောက်ခွဲခံလိုက်ရပြီးနောက်မှာတော့ ဘုရားသုံးဆူဘက် သွားလာမယ့် သူတွေအတွက် အခက်အခဲတွေဖြစ်ပေါ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၅) ရက်နေ့ကလည်း အဲဒီတံတားပေါ်မှာ ပေါက်ကွဲမှုဖြစ်ထားပေမယ့် အနည်းငယ်သာပျက်စီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.