ရှန်ဟိုင်း၊ ဇန်နဝါရီ(၂၈)

တရုတ်နိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်မူဝါဒကို လူသိရှင်ကြားဆန့်ကျင်ဆန္ဒပြသူ အများအပြားဟာ ထိန်းသိမ်းခံနေရဆဲဖြစ်သလို တရားစွဲဆိုမှုတွေလည်း ရင်ဆိုင်နေကြရပြီး အကြောင်းအရင်းကို နောက်ဆက်တွဲအကြောင်းအရင်းကို မကြားသိရတော့ကြောင်း Human Rights Watch က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံတစ်ဝှမ်းရှိ မြို့အများအပြားမှာ နိုင်ငံရဲ့ COVID-19 မူဝါဒကို သုံးနှစ်နီးပါး တင်းကျပ်စွာ ကျင့်သုံး နေခြင်းကို အဆုံးသတ်ဖို့ တောင်းဆိုဆန္ဒပြမှုတွေ နိုဝင်ဘာလနှောင်းပိုင်းမှာ  ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတွေဟာ သူတို့ရဲ့ မကျေနပ်မှုသင်္ကေတအဖြစ် စာရွက်အဖြူတွေကို  ကိုင်ဆောင်ခဲ့ကြတာပါ။

ဒါ့အပြင်အချို့သော ဆန္ဒပြသူတွေဟာ သမ္မတ ရှီကျင့်ဖျင်နဲ့ အာဏာရကွန်မြူနစ်ပါတီကို ဖြုတ်ချဖို့ တောင်းဆို တဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

သမ္မတရှီရဲ့ အာဏာရဆယ်စုနှစ်အတွင်း မကြုံစဖူး ဆန္ဒပြမှုတွေပေါ်ထွက်လာခဲ့ပြီး အဲဒီသဘောထားကွဲလွဲ မှုတွေကို ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန်ဖြိုခွင်းခဲ့တာပါ။ လူအများအပြားကို ဖမ်းဆီးခဲ့သလို နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပေမယ့်လည်း နောက်ဆက်တွဲအခြေအနေတွေ ကြုံတွေ့လာရမှာကို အထူးစိုးရိမ်နေပါတယ်လို့ ဆန္ဒပြသူတွေ၊ ရှေ့နေတွေနဲ့ ပညာရှင်တွေက Reuters သတင်းဌာနကို  ပြောကြားခဲ့ပါတယ်။

ဘေဂျင်းရှိ ဆန္ဒပြသူလေးဦးကို ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံခဲ့ပြီး ဖမ်းဆီခံရတဲ့ ဆန္ဒပြလူငယ်နှစ်ဦးဖြစ်တဲ့ Li Yi နဲ့ Chen Jialin တို့ ထိန်းသိမ်းထားတဲ့နေရာကို မသိရသေးကြောင်း Human Rights Watch မှ ပြောကြား ခဲ့ပြီး ဖမ်းဆီးခံရသူတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း တရုတ်အစိုးရထံ တောင်းဆိုထားပါတယ်။

Reuters သတင်းဌာနရဲ့ သတင်းအစီရင်ခံမှုမှာ ဖော်ပြထားတဲ့ ဖမ်းဆီးခံပုဂ္ဂိုလ်တွေရဲ့ အခြေအနေကို သီးခြား အတည်မပြုနိုင်ပဲ မှတ်ချက်တစုံတရာသိနိုင်ဖို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကို ဖုန်းခေါ်ခဲ့ပေမယ့်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

တဖက်မှာလည်း ဆန္ဒပြသူ အနည်းငယ်ကို ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့တာတွေရှိပါတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့ပြန်ပါတယ်။

“ဆန္ဒပြသူအများစုဟာ သူတို့ရဲ့ဖြစ်စဉ်တွေ လူအများကြီးမသိပေမယ့်  ထိန်းသိမ်းပြီးတဲ့နောက်ပိုင်းမှာ အတင်းအကျပ် မျက်ခြေပြတ်သလိုထင်ရပါတယ်။ ဒါက တရုတ်အာဏာပိုင်တွေဘက်က ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေကို အသံတိတ်အောင်နေဖို့ ခြိမ်းခြောက်တဲ့ အလေ့အထလည်း ဖြစ်ပါတယ်” လို့ Human Rights Watch အဖွဲ့က ပြောပါတယ်။ 
ဆန္ဒပြပွဲတွေအပြီး ဒီဇင်ဘာလအစောပိုင်မှာ တရုတ်နိုင်ငံဟာ ကိုဗစ်ထိန်းချုပ်မှု အများစုကို ရုတ်တရက် ရုတ်ခြည်းလျှော့ချခဲ့ပြီးနောက်မှာတော့  ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံအနှံ့ လျင်မြန်စွာပဲ ပျံ့နှံ့ခဲ့ပါတယ်။
Ref, Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.