မော်လမြိုင် – ဇန်နဝါရီ(၂၇)

ပြည်သူတွေရွေးချယ်ထားတဲ့ အစိုးရအဖွဲ့ကို လက်နက်နဲ့ အနိုင်ကျင့်ဗိုလ်ကျပြီး စစ်တပ်ရဲ့အာဏာ လုယူခံခဲ့ရတဲ့ (၂) နှစ်ပြည့်နေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ်(silent strike) ပြု လုပ်သွားမှာဖြစ်တယ်လို့ နွေဦးတော်လှန်ရေးတပ်ပေါင်းစုကသတင်းထုတ်ပြန်ထားပါတယ်။

နွေဦးတော်လှန်ရေး(၂) နှစ်ပြည့်တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ရီလ(၁) ရက်နေ့မှာ ပြည်သူတွေရဲ့ တိတ်ဆိတ် တဲ့အသံတွေ၊ ခြောက်ကပ်နေတဲ့ လမ်းမတွေ၊ ပြင်းပြတဲ့ အောင်စိတ်တွေနဲ့ အတူ (Silent Strike) ကို ပုံဖော်မယ်လို့ ဆိုထားတာပါ။

“၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ချိန် ၊ ပြည်သူ့နွေဦး တော်လှန်ရေး (၂) နှစ်ပြည့်ချိန်လည်းဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ ကမ္ဘာကြီးကို ကျွန်တော်တို့ ပြည်သူ တွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ဖိနှိပ်မှုတွေကြားထဲကပဲ ရရာ နည်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြောင်း ထပ်မံ မှတ်ကျောက်တင်ဖို့လိုပါတယ်။” လို့ နွေဦးတော်လှန်ရေး တပ်ပေါင်းစု ကဖော်ပြထားပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာ လမ်းမတွေ၊အများပြည်သူသုံးနေရာတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့ တိတ်ဆိတ်ခြင်းနဲ့ စစ်ကောင်စီကို ကြောက်လန့်စေမှာဖြစ်ပြီး ပြည်သူတစ်ရပ်လုံးဟာ စစ်အာဏာရှင် ကိုသွေးမအေးဘဲ ဆက်လက်တော်လှန်နေဆဲဖြစ်တယ်ဆိုတာ ထပ်မံပြသကြရမှာဖြစ်တယ်လို့ ဆိုပါသေးတယ်။

ပြည်သူတွေအနေနဲ့ (Silent Strike) မှာပါဝင်ပြီး စစ်ကောင်စီဘက်က ခြေလှမ်းပြင်လာတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကိုလည်း လက်သင့်မခံဘူးဆိုတာ ကမ္ဘာသိ ထုတ်ဖော်ပြသရမှာဖြစ်တယ်လို့ နွေဦးတော်လှန်ရေးတပ်ပေါင်းစုက ဖော်ပြထားပါတယ်။

လာမယ့် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာပြုလုပ်မယ့် (Silent Strike) ကို ပြည်သူတွေရဲ့ စားဝတ်နေရေး လှုပ်ရှားမှုကို နားလည်တဲ့အတွက် မနက်(၁၀) နာရီကနေ ညနေ(၃) နာရီအထိ ပြုလုပ်သွားမှာဖြစ်တဲ့ အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ အစားအသောက်တွေကို ကြိုတင်ဝယ်ယူထားကြဖို့တိုက်တွန်းထားပါ တယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.