ကျုံဒိုး၊ ဇန်နဝါရီ(၂၈)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီး အနောက်ဘက်ကမ်းဒေသရှိ ကျေးရွာတွေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အထိနာပြီးပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ကျုံဒိုးမြို့အရှေ့ဘက်ခြမ်း ကော့ဝါးလဲကျေးရွာဘက်ကို စစ်ကြောင်းထိုးရောက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျုံဒိုးမြို့အနီးရှိ ကမ်းနီ၊ ညောင်ရိပ်သာ၊ သရက်တော၊ ကော့ကျိုက် စတဲ့ ကျေးရွာတွေဘက်မှာ ဇန်န ဝါရီ (၂၀)ရက်နေ့ကစပြီး (၂၆)ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးမဟာမိတ်တပ်ပေါင်းစုတို့ကြား (၁)ပတ်အကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) နီးပါးထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ Lion Battalion Commando ဗျူဟာစစ်ကြောင်းက ဇန်နဝါရီ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒီကနေ့ ဇန်နဝါရီလ(၂၇)ရက်နေ့ နေ့လည်ပိုင်းအချိန်မှာ ကျုံဒိုးမြို့အနီးရှိ ကော့ဝါးလဲကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကျုံဒိုးမြို့အနောက်ဘက်ကမ်း ညောင်ရိပ်သာ၊ သရက်တော၊ ကမ်းနီစံပြကျေးရွာတွေမှာ စစ်ရေးအခြေအနေ ငြိမ်သက်နေပေမယ့် ကျေးရွာထဲကို ပြန်လည်ဝင်ရောက်နေထိုင်မယ့် ရွာသူ ရွာသားတွေအနေနဲ့ အခြေအနေစောင့်ကြည့်ပြီးမှ ပြန်လာကြဖို့ တိုက်တွန်းထားပါတယ်။

(၁)ပတ်ခန့်ဖြစ်ပွားခဲ့တဲ့ ကျုံဒိုးဒေသတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်ဆင်မှုတွေသာမက လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေ အသုံးပြုတိုက်ခိုက်ခဲ့တာတွေကြောင့် ဒေသခံပြည် သူလူထုရဲ့ နေအိမ်အများအပြား မီးလောင်ပျက်စီးဆုံးရှုံးခဲ့သလို တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ (၁၀၀၀၀)ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.