သိမ်ဇရပ်၊ ဇန်နဝါရီ(၂၇)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ -၂၀၇ က ဖမ်းဆီးထားတဲ့ အမျိုးသားတစ်ဦးဟာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဆိပ်ကလေးကျေးရွာနေသူ အသက် ၄၁ နှစ်အရွယ် ကိုကျော်ဇင်လတ်ဟာ သားဖြစ်သူနဲ့အတူ သိမ်ဇရပ်မြို့သို့ လာရောက်လည်ပတ်စဉ် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရတာ ဖြစ်ပါတယ်။

ကိုကျော်ဇင်လတ်ဟာ သိမ်ဇရပ်မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ဆိုင်ရှင်ဖြစ်သူနဲ့ စကားများပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခမရ -၂၀၇ တပ်ရင်းထဲ ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက်မှာ ကိုကျော်ဇင်လတ်ဟာ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က အလောင်းလာပြန်သယ်ဖို့ မိသားစုထံ အကြောင်းကြားလာခဲ့တာပါ။

ကိုကျော်ဇင်ဟာ စစ်တပ်ဖမ်းဆီးပြီးနောက် မျက်နှာ၊ နှုတ်ခမ်း၊ ဦးခေါင်း၊ လည်ပင်း၊ ကျောပြင်တို့မှာ အညိုအမဲစွဲဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က ဖမ်းဆီးညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လိုက်တဲ့ ကိုကျော်ဇင်လတ်မှာ အသက် ၈ နှစ်အရွယ် ကလေးငယ်အပါအဝင် သမီး ၃ ဦး ကျန်ရှိခဲ့ပါတယ်။ကိုကျော်ဇင်လတ်ရဲ့ ဈာပနကိုတော့ မိသားစုတွေရှိရာ ဆိပ်ကလေးကျေးရွာမှာပြုလုပ်ဖို့ ပြင်ဆင်နေကြပြီလို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ်အာဏာသိမ်းထားတဲ့ ကာလအတွင်း အရပ်သား ၂၈၀၀ ကျော် ဖမ်ဆီးသတ်ဖြတ်ခံထားရတယ်လို့ နိုင်ငံရေအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.