မော်လမြိုင် ၊ ဇန်နဝါရီ (၂၆)

စစ်ကောင်စီက နိုင်ငံတဝန်းရှိ CDM ဝန်းထမ်းတွေကို တစ်လအတွင်း စစ်ဆေးအရေးယူဖို့ လုပ်ဆောင်တာဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်တယ်လို့ CDM ဝန်းထမ်းတွေက တုံ့ပြန်လိုက်ပါတယ်။

စစ်ကောင်စီဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက CDM ဝန်ထမ်းတွေကို အရေးယူဖို့အတွက် စစ်တပ်အပါအဝင် စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေပါဝင်တဲ့ CDM စစ်ဆေးရေးအဖွဲ့တွေကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အဲဒီ CDM စစ်ဆေရေးအဖွဲ့တွေဟာ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းနဲ့ စာသင်ကျောင်းတွေမှာ CDM ခန့်ထားခြင်း ရှိ၊ မရှိစစ်ဆေးဖို့၊ CDM တွေခန့်ထားပါက ချိတ်ပိတ်တာလုပ်ဖို့နဲ့ အရေးယူဆောင်ရွက်မှုတွေကို တစ်လအတွင်း ပြန်လည်အစီရင်ခံဖို့ ညွှန်ကြားထားတာပါ။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM အနေနဲ့ ရပ်တည်နေတဲ့ဝန်ထမ်းတွေကို စစ်ကောင်စီက အရေးယူဖို့လုပ်ဆောင်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်ပြီး အောက်တန်းကျတဲ့လုပ်ရပ် ဖြစ်တယ်လို့ CDM ဝန်ထမ်းတစ်ဦးက တုံ့ပြန်လိုက်ပါတယ်။

“စကစကတော့ ဒီလိုပါပဲ။ သူကတော့ မျိုးစုံဒုက္ခပေးနေမှာပေါ့။ အခုကကျတော့ ကျွန်တော်တို့မရှိဘဲနဲ့ သူတို့ အထဲမှာအလုပ်မဖြစ်ကြလို့ပေါ့၊။ အလုပ်မဖြစ်လို့ အခုချိန်ထိ CDMတွေကို မျိုးစုံအပြင်မှာ လုပ် ကိုင်စားသောက်လို့မရအောင် ဒုက္ခလိုက်ပေးနေတုန်းပဲရှိသေးတယ်။ အဲဒါတွေကတော့ လူ့အခွင့်အရေးချိုးဖောက်တာပဲ။ ကျွန် တော်တို့ တတ်ထားတဲ့ပညာနဲ့အပြင်မှာ လုပ်စားချင်လည်းစားမယ်။ လုပ်စားချင်မှလည်း လုပ်စားမှာပေါ့။ ဒါကျွန်တော်တို့ကိစ္စ ဖြစ်သွားပြီးလေ။ သူတို့နဲ့ ဘာမှမဆိုင်တော့ဘဲ။ ဆိုတော့သူတို့က အဲဒီဟာရဲ့ အပြင်ဘက်ထိလိုက်ပြီးတော့ ဒုက္ခပေးတယ်ဆိုတာက အရပ်စကားဆန်ဆန်ပြောရရင် ရန်ငြိုးကြီးဖြစ်နေတာက ဘာမှမဟုတ်ဘဲနဲ့တောင် ဒီဝန်ထမ်း CDMတွေ ဘာမှမလုပ်နိုင်တဲ့ လူတွေတောင်မှ သူတို့က အဲ့ဒါကြီးကိုတောင် ရန်ငြိုးတကြီး တခါတည်းလိုက်လုပ်နေတာမျိုးကတော့ဗျာ အမှန်အတိုင်းပြောရင် မလုပ်သင့်လှတော့ဘူးလေ။ ဒါပေမယ့် သူတို့ ကလုပ်သင့်တယ်၊ မလုပ်သင့်တယ် ဘယ်တော့မှ စဉ်စားတဲ့သူတွေမှ မဟုတ်ဘဲ။ သူတို့က ရက်စက်တာမဟုတ်ဘူး၊ အောက်တန်းကျတယ်၊ ယုတ်မာတယ်၊ ကောက်ကျစ်တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက သူတို့ကိုလက်မခံတဲ့ CDM ဝန်ထမ်းတွေကိုအရေးယူဖို့ လုပ်ဆောင်တာဟာ လက်ရှိ Non-CDM ဝန်ထမ်းတွေနဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာယန္တရားကို အပြည့်အဝမလည်ပတ်နိုင်တာကြောင့် ဖြစ်နိုင်သလို CDM ဝန်ထမ်းတွေကို သူတို့အာဏာရှိတဲ့ ကာလအတွင်း နောင်တရအောင် လုပ်ဆောင်နေတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

CDM ဝန်ထမ်းတစ်ဦးကလည်း စစ်ကောင်စီက အရေးယူဖို့ လုပ်ဆောင်တာဟာ CDM ဝန်ထမ်းတွေ ဘယ်လိုမှ ရပ်တည်လို့ မရအောင် လုပ်ဆောင်နေတာ ဖြစ်တာကြောင့် စစ်ကောင်စီ အမြစ်ပြတ်ဖို့ လို အပ်သလို အဆုံးထိတော်လှန်သွားမယ်လို့ ပြောပါတယ်။

“အခုကတော့ အရေးယူဖို့ကတော့စပြီးတော့ ပြင်ဆင်ပြီးပေါ့နော်။ ဘယ်လိုပြောမလဲ။ အဖွဲ့တွေ ဖွဲ့တယ်။ စစ်မယ်၊ အခုက ဘယ်လိုမှရပ်တည်လို့ မရအောင်ပေါ့နော်။ လုပ်စားလို့မရအောင် သူတို့နည်းအမျိုးမျိုးနဲ့ နှိပ်စက်တယ်ပေါ့နော်။ အခုထက်ထိလည်း ကျီးလန့်စာစားနေရတုန်းပဲ။ ဘာလို့ဆိုတော့ CDMတွေ အကုန်လုံးဖမ်းမယ်ဟေ့ဆိုရင် ရှောင်နေရတဲ့ ဘဝ။ အမြဲတမ်းကျွန်မတို့က အထုပ်ပြင်ထားရတဲ့ သဘောပေါ့နော်။ ဘာမှလုပ်စားလို့ မဖြစ်ဘူး။ ရှိတဲ့ဟာကို ထိုင်စားမယ်။ ပင်ပင်ပန်းပန်းပေါ့နော် ရပ်တည်နေရတယ်။ ရုန်းကန်နေရတယ်ပေါ့နော်။ ရုန်းကန်နေရတဲ့အတွက်ကြောင့် ဒါကအမြစ်ပြတ်မှဘဲ ဖြစ်မယ်။ ကျွန်မတို့ကလည်း နိုင်သလောက်တော့ အဆုံးထိလည်းသွားမယ်။ ဘာပဲဖြစ်ဖြစ် ပြင်းထန်တဲ့ဆန္ဒနဲ့ပေါ့။ ဒါက သူတို့ကိုတတ်နိုင်တဲ့နည်းနဲ့ တော်လှန်ရမှာပေါ့နော်။ ခုခံနေရတဲ့ သဘောပါပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပေါက်ကြားခဲ့တဲ့ လျှို့ဝှက်ညွှန်ကြားစာအရ အမည်ပျက်စာရင်းသွင်းခံထားရတဲ့ CDM ဝန်ထမ်းတွေကို ပြည်ပထွက်ခွာခွင့် မရှိစေရေး ပစ်မှတ်ထားစောင့်ကြည့်ဖို့နဲ့ ပြည်ပထွက်ခွာခွင့် တားမြစ်ခံထားရတဲ့ CDM ဝန်ထမ်းတွေကိုလည်း အပတ်စဉ်စာရင်းပြုစုထားဖို့ ညွှန်ကြားတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ CDM ဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ရာတွေကနေ အတင်းဖယ်ရှားခိုင်းတာ၊ နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်တာ၊ ဖိနှိပ်တာအပြင် မတရားဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုး တပ်ကာ အရေးယူတာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ်အာဏာသိမ်းမှုကို လက်မခံတာကြောင့် အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်ထားတဲ့ နိုင်ငံ့ဝန်ထမ်း သိန်းနဲ့ချီရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- အဟောင်းကို သုံးထားခြင်းဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.