ရေဖြူ၊ ဇန်နဝါရီ(၂၆)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့မနက် ၁၀ နာရီလောက်မှာ ကံပေါက်ဒေသ ဇာဒီကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအေးဟန်ကို သေနတ်သမားတွေက သူပိုင်တဲ့ခြံထဲမှာ လာရောက်ပစ်ခတ်ခဲ့တာကြောင့် သေနတ်ဒဏ်ရာ ၄ ချက်ရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မနက် ၁၁ နာရီလောက်မှာလည်း ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုးနဲ့ တပည့်ဖြစ်သူ ဦးလှဌေးတို့ကို အမည်မသိသေနတ်သမားတွေက နေအိမ်မှာပဲ လာရောက်ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူးဦးခင်စိုးနဲ့ တပည့်ဖြစ်သူဦးလှဌေးတို့မှာ ပြင်းထန်ဒဏ်ရာတွေရရှိပြီးနောက် အရေးပေါ်လူနာတင်ယာဉ်နဲ့ ကံပေါက်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒေသခံတွေအဆိုအရ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးခင်စိုးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို မကြောက်ဘူးလို့ ကြွေးကြော်ထားတဲ့သူဖြစ်တယ်လို့ ဆိုကြပါတယ်။

အုပ်ချုပ်ရေးမှူးအပါအဝင် ပျုးစောထီအဖွဲ့ခေါင်းဆောင်တွေ ပစ်ခတ်ခံရပြီးနောက် ကံပေါက်ဒေသကို စစ်ကောင်စီရဟတ်ယာဉ် ၂ စီး ကင်းလှည့်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာ လက်ရှိအချိန်အထိ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း ရေဖြူ မြို့နယ်၊ ကလိန်အောင်မြို့နေ စစ်တပ်ပိုင် မြဝတီသတင်း စာ သတင်းထောက် ကိုလင်းလင်းထွန်းကို စစ်တပ်သတင်းပေးအဖြစ် ဆောင်ရွက်နေတာကြောင့် Spring Dhamma PDF (KLA) ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Related Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.