ကမ်းနီ ၊ ဇန်နဝါရီ (၂၆)

စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်စစ်ရေးပဋိပက္ခတွေဟာ အခုအခါမှာတော့ တွေ့ဆုံဆွေးနွေးလမ်းစဉ်ကို ရွေးချယ်ထားတဲ့ မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်ဒေသအထိ စစ်မျက်နှာကျယ်ပြန့်လာတာပါ။

တိုက်ပွဲတွေဟာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်ထဲမှာ အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ် ဖြစ်ပွားလာသလို နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေပါ ရှိလာတာ ဖြစ်ပါတယ်။

အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်မီးရှို့ပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကော့တုံကျေးရွာဆိုရင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်ဖြစ်သလို သထုံခရိုင်ဌာနချုပ်နဲ့လည်း မိုင်ဝက်အကွာမှာသာ ရှိနေတာပါ။

ဒါ့အပြင် ဇန်နဝါရီ ၂၁ ရက်နေ့စပြီး လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ်၊ ကော့က ရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကမ်းနီ၊မိဂလုံ၊ကော့ဘိန်းအစတဲ့ ကျေးရွာတွေကလည်း မွန်ပြည်သစ်ပါတီ သထုံခရိုင်ဌာနချုပ် ထိန်းချုပ်နယ်မြေထဲမှာ ပါဝင်နေသလို လူမျိုးစုအများစု နေထိုင်ကြတဲ့ ကျေး ရွာတွေလည်း ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေအတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားတာ မွန်လူထုတွေရဲ့ နေအိမ် မီးလောင်ဆုံးရှုံးတာ၊ စစ်ဘေးသင့်ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ဒီကနေ့အချိန်ထိတော့ မွန်ပြည်သစ်ပါတီအနေနဲ့ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) အဖွဲ့ဝင် တလနိုင်ကတော့ အခုအခြေအနေဟာ တွေ့ဆုံဆွေး နွေးလမ်းစဉ်လိုက်ပြီး စစ်ပွဲရှောင်နေတဲ့ မွန်ပြည်သစ်ပါတီအတွက် ဘေးကျပ်နံကျပ်အနေအထားလို့ သုံး သပ်တာပါ။

“မွန်ပြည်သစ်ပါတီအတွက် အခုချိန်မှာ အကျပ်ရိုက်တဲ့ကာလဖြစ်တယ်။ တစ်ဖက်မှာလည်း SAC နဲ့ စကားပြောတယ်၊ တစ်ဖက်မှာ အားလုံးသိတဲ့အတိုင်းပဲ စစ်ကိုရှောင်တယ်၊ အင်အားအနေအထားကြောင့်ပေါ့။ ဆိုတော့ အခုလိုကာလက မွန်ပြည်သစ်ပါတီအတွက်က တော်တော်လေး အကျပ်ရိုက်တဲ့အနေအထားဖြစ်တယ်လို့ ကျွန်တော် မြင်တယ်။ သေချာတာတစ်ခုက ဘဝတူတိုင်းရင်းသားတွေအကုန် လုံး ဘုံရန်သူကို တိုက်ခိုက်နေတဲ့အချိန်မှာ ကျွန်တော်တို့ မွန်တွေလည်း အတူတကွတိုက်ပွဲဝင်ဖို့ သင့်တယ်။ ဘာမှအကျိုးအမြတ်မရှိတဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေတာတွေကိုလည်း ရပ်သင့်ပြီလို့ ကျွန်တော်မြင်ပါတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်အောက်မှာ ဘယ်သူမှ ငြိမ်းငြိမ်းချမ်းချမ်းနေရတာမရှိတဲ့အတွက် အဲဒီစနစ် သက်ဆိုးမရှည်ဖို့ အမြစ်ဖြတ်တိုက်ထုတ်ဖို့လိုတာကြောင့် မွန်ပြည်သူလူထုတစ်ရပ်လုံးအတွက် မွန်ပြည်သစ်ပါတီကလည်း ကိုယ့်လူထုကိုကာကွယ်တဲ့အနေနဲ့ စစ်ရေးအရတစ်ခုခု လုပ်ဆောင်ဖို့သင့်တယ်လို့ တလနိုင်က ထောက်ပြပါတယ်။

မွန်လူငယ်တစ်ဦးကတော့ အခုအခြေအနေမှာ မွန်ပြည်သစ်ပါတီအနေနဲ့ စစ်ကောင်စီအပါအဝင် မဟာ မိတ်ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ဒေသတွင်း PDF အဖွဲ့တို့နဲ့ ဆွေးနွေးညှိနှိုင်းတဲ့ အခြေအနေရှိ နိုင်တယ်လို့ သုံးသပ်ပါတယ်။

“သူတို့ (မွန်ပြည်သစ်) အနေနဲ့ အခုလိုတိတ်ဆိတ်နေတာက ကျွန်တော်ထင်တာ ညှိနှိုင်းမှုတစ်ခုခု စစ်ကောင်စီ ဘက်ကရော တစ်ဖက်ကမဟာမိတ်ဖြစ်တဲ့ KNU၊ သူတို့ဒေသမှာရှိတဲ့ PDF အဖွဲ့တွေနဲ့ ဆွေး နွေးညှိနှိုင်းတဲ့ အခြေအနေရှိတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီအတွက်ကြောင့် သူတို့တိတ်ဆိတ်နေတာ။ ဒါပေမယ့်လည်း လာမယ့်တစ်ရက်၊ နှစ်ရက်အတွင်းအဖြေတစ်ခုခု အသံတစ်ခုခုတော့ မွန်ပြည်သစ်ပါတီဘက်ကနေ ထုတ်ပြန်ချက်တစ်ခုခု ထွက်လာမယ်လို့ မျှော်လင့်တယ်။ အဲဒါက ကောင်းတဲ့ဘက်လား၊ ဆိုးတဲ့ဘက်လားဆိုတာ ကျွန်တော်တို့လည်း မပြောနိုင်ဘူးပေါ့” လို့ သူက ဆိုပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ နိုင်ငံရေးလမ်းစဉ်ကို ရပ်တည်နေတာဖြစ်ပေမယ့် အခုလို သူတို့ရဲ့ တပ်စခန်းအနီးအနားမှာရော ထိန်းချုပ်နယ်မြေထဲမှာရော စစ်တလင်းပုံစံဖြစ်လာပြီဆိုရင်တော့ ရပ်တည်ချက်ပြောင်းသွားနိုင်တယ်လို့လည်း သူကဆိုပါတယ်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေးထံ သံလွင်တိုင်းမ်ကို ၁၀ ကြိမ်ထက်မနည်းဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

NLD အစိုးရလက်ထက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက် မှတ်ရေးထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၃ ကြိမ်တိုင်တိုင် တက်ရောက်ဆွေးနွေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.