ဒီးမော့ဆို – ဇန်နဝါရီ(၂၆)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတွေကို စစ်ကောင်စီက လက်နက်ကြီး တွေနဲ့ ဆက်တိုက်ပစ်ခတ်နေလို့ အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီ နေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ(၂၅) ရက်ကစပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေသလို မြေပြင်စစ် ကြောင်းထိုးနေတဲ့အတွက် ဒီးမော့ဆို မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းသုံးခုက ပြည်သူ(၂၀၀၀) နီးပါး ထပ်မံနေရာပြောင်းနေရတာပါ။

စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ စစ်ရှောင်စခန်းမှာရှိတဲ့ မိသားစုတစ်ခုရဲ့ နေအိမ်ပေါ်ကို ကျရောက်ပြီး ကလေးတစ်ဦး လက်ပြတ်သွားရာကနေ စစ်ရှောင်စခန်းတစ်ခုလုံး နေရာရွှေ့ ရတဲ့အထိ ဖြစ်လာတာလို့ စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့ ကိုတင့်ဇော်ဟိန်းက ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်ဘေးရှောင်တွေကို နေရာရွှေ့ပေးနေရပြီး ရွာသားတစ်ဦးလည်း ပျောက်ဆုံး နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေက ဆိုပါတယ်။

ဇန်နဝါရီလ(၂၄) ရက်ညပိုင်းကလည်း လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခု ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး(၃)လုံးကြဲခဲ့ပြီး ထိခိုက်ဆုံးရှုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

ကယားပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူ ၃၀၀ကျော် သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။

သေဆုံးခဲ့တဲ့ အရပ်သား (၃၀၀)ကျော်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်ခံရသူ (၂၁၆) ဦး ပါဝင်သလို စစ်ဘေးရှောင်ရင်း သေဆုံးခဲ့သူ (၆၁) ဦးပါဝင်တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ဘေးရှောင်အရေးကူညီနေသူ တစ်ဦးကလည်း ကယားက စစ်ရှောင်ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုတွေကို အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက် စစ်ရှောင်စခန်းအနီးတဝိုက်နဲ့ ရှမ်း-ကယား နယ်စပ်မှာလည်း စစ်ကောင်စီနဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတို့ရဲ့ တိုက်ပွဲတွေ ပြင်းထန် နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ(ပုံအဟောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.