ကျုံဒိုး၊ ဇန်နဝါရီ(၂၆)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ၊ ကျုံဒိုးမြို့နယ်မှာ ဇန်နဝါရီ ၂၅ ရက်နေ့မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU ကျုံဒိုးမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးပြီး စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိနေကာ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်လာခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးတာတွေကိုတော့ လတ်တလောမှာ မသိရှိရသေးပေမယ့် ဒေသခံတွေအဆိုအရ ကမ်းနီးနဲ့တံတားဦးကျေးရွာကြား ဗုံးကြဲတိုက်ခိုက်မှုဟာ မြေပြိုသလို ကြောက်စရာကောင်းတဲ့ အသံအကျယ်ကြီးကြားရတယ်လို့ ဆိုကြပါတယ်။

KNU ကျုံဒိုးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၀)ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဇန်နဝါရီ(၂၄)ရက်နေ့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်က ကမ်းနီ၊ မိဂလုံ၊ ကော့ကာ စတဲ့ကျေးရွာတွေအပေါ်ကို လက်နက်ကြီးပစ်ခတ်ခဲ့သလို ကမ်းနီကျေးရွာအတွင်းရှိ ဒေသခံတွေရဲ့ နေ အိမ်တွေကိုလည်း စစ်ကောင်စီတပ်က မနေ့ညနေပိုင်းမှာ မီးရှို့ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။

အခုရက်ပိုင်းထဲ ကျုံဒိုးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေထဲမှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်သာရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကတော့ သေဆုံးသူဦးရေ (၄၀)နဲ့အထက်ရှိတယ်လို့ Lion Battalion Commando ဗျူဟာစစ်ကြောင်းက ဒီကနေ့ ဇန်နဝါရီလ(၂၅)ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲကြောင့် ကျုံဒိုးမြို့အနီးရှိ ကျေးရွာအများအပြားက ဒေသခံပြည်သူလူထုအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာထဲမှာ မတိမ်းရှောင်ပဲကျန်ရှိနေတဲ့ ဒေသခံပြည်သူတွေလည်း ရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်(၁)နာရီအချိန်ခန့်မှာလည်း စစ်ရေးတင်းမာမှုတွေရှိနေတဲ့ တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ဘုရားသုံးဆူဒေသအတွင်းရှိ သတ္တုမိုင်းတွင်းလုပ်ကွက်တစ်ခုထဲကို စစ်ကောင်စီတပ်က လေ ကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ မိုင်းတွင်းထဲရှိ အဆောက်အဦးများစွာ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KNU သတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ဘုရားသုံးဆူမြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတချို့ကို ဇန်နဝါရီ(၂၃)ရက်နေ့ ညပိုင်းက ဘုရားသုံးဆူမြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့မှ ဝင်ရောက်ရှင်းလင်းမီးရှို့ခဲ့ပြီး စစ်ကောင်စီဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုနဲ့ အမြန်ဆုံးလက်တွဲကာ CDM ပြုလုပ်ကြဖို့ မြို့ပြပျောက်ကျား တပ်ပေါင်းစုက သတိပေးထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.