ရန်ကုန် ၊ ဇန်နဝါရီ (၂၂)

နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီရဲ့ အရေးပေါ်ကာလသက်တမ်း ကုန်ဆုံးပြီးဖြစ်တဲ့ လာမယ့်ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ခေါ်ယူကျင်းပမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံ ခြုံရေး ကောင်စီအစည်းအဝေးဟာ ဥပဒေနဲ့မညီဘူးလို့ ဥပဒေပညာရှင်တွေက ဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီပြောခွင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက လာမယ့်ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အမျိုးသားကာကွယ် ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူပြီးမှသာ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်တွေကို ထုတ်ပြန်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သတင်းမီဒီယာတွေကို ပြောဆိုထားတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံ့ခေါင်းဆောင်တွေကိုဖမ်းဆီးပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၁၇ အရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူကာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီးနောက် တစ်နှစ်အာဏာလွှဲယူခဲ့တာပါ။

အဲဒီကနေတစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၂၅ အရ တစ်ကြိမ်မှာ ၆ လအထိ တိုးမြှင့်ခွင့်ရှိတဲ့ သက်တမ်းကို ၂ ကြိမ်အထိတိုးယူခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မှာပါ။

ဒါကြောင့် လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာကျင်းပမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးမှာ အာဏာသိမ်းစစ်ကောင်စီက အစီရင်ခံတင်ပြရမှာဖြစ်ပြီး ကာလုံရဲ့အဆုံးအ ဖြတ်ကို ခံယူရမှာဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအ ဝေးဟာ ဥပဒေနဲ့မညီညွတ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဒုသမ္မတဦးမြင့်ဆွေကိုလည်း သမ္မတဖြစ်ခွင့် မပေးထားဘူးလို့ ထောက်ပြပါတယ်။

“ကာ/လုံအစည်းအဝေးကလည်း ဥပဒေနဲ့မညီညွတ်ဘူး။ မြင့်ဆွေက သမ္မတလုပ်နေတာလည်း ၂၀၀၈ (ဖွဲ့စည်းပုံအခြေခံဥပဒေ)နဲ့ မညီဘူး။ မြင့်ဆွေက မင်းအောင်လှိုင်ကို (အာဏာ)လွှဲတာလည်း ၂၀၀၈ နဲ့ မညီဘူး။ အဲဒါကြောင့်မို့ အားလုံးဥပဒေနဲ့ မညီတဲ့ ကာ/လုံ အစည်းအဝေးဖြစ်တယ်။ ဥပဒေနဲ့ မညီတဲ့ မင်း အောင်လှိုင် လုပ်ဇာတ်တွေဖြစ်တယ်။ ဆက်လက်လုပ်သမျှ ရွေးကောက်ပွဲတွေကလည်း ဥပဒေနဲ့ မညီတဲ့ ရွေးကောက်ပွဲတွေဖြစ်တယ်။ ဘာလို့လဲဆို ၂၀၀၈ ဥပဒေမှာ ကာချုပ်ကနေ မကျေနပ်လို့ ပြန်ပြီး ရွေး ကောက်ပွဲ လုပ်ခွင့်အာဏာပေးမထားဘူး။ ၂၀၀၈ အခြေခံဥပဒေမှာက သီးခြားပြဌာန်းထားပြီးသား။ သမ္မတကို အရေးယူချင်ရင် သမ္မတကိုအရေးယူတဲ့နည်းတွေနဲ့ပဲ အရေးယူရမယ်။ အခုလို တရားစွဲထောင်ချတဲ့နည်းနဲ့ အရေးမယူရဘူး။ အဲဒါကြောင့်မို့လို့ပြောရရင် ဒုသမ္မတကလည်း သမ္မတတက်လုပ်ခွင့်မရှိဘူး။ ၂၀၀၈ အခြေခံဥပဒေမှာ ပြဌာန်းမထားဘူး။ ၂၀၀၈ အခြေခံဥပဒေမှာ ပြဌာန်းမထားတဲ့ဟာနဲ့ မင်းအောင်လှိုင်က အာဏာရူးပြီး လုပ်နေတာအားလုံးကလည်း တရားမဝင်ဘူး”လို့ သူက ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်အရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို နိုင်ငံ တော်သမ္မတ၊ ဒုတိယ သမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တစ်ဦးစီ၊ တပ် မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံ ခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ ဖွဲ့စည်းထားတာပါ။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ခေါ်ယူခဲ့တဲ့ ကာ/လုံအစည်းအဝေးမှာတော့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မပါဝင်ဘဲ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် ကာလုံအစည်းအဝေးကနေ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်အရ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အလုံးစုံသော နိုင်ငံ့အာဏာကို လွှဲအပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ ကာလုံအစည်းအဝေးကနေ အာဏာလွှဲပြောင်းယူမှုမှာ ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိဆိုတာဟာ ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကပဲ ဆုံးဖြတ်ပေးရမှာဖြစ်တယ်လို့ ထောက်ပြပါတယ်။

“အာဏာထိန်းသိမ်းပြီးတော့ အာဏာကို လွှဲပြောင်းရယူခဲ့တာက နိုင်ငံတော် သမ္မတဖြစ်တဲ့ ဦးဝင်းမြင့်ကနေ လွှဲပြောင်းပေးခဲ့တာ မဟုတ်ဘူး။ ဦးဝင်းမြင့်ကို ဖမ်းဆီးထိန်းသိမ်းထားပြီးတော့မှ ဒုသမ္မတဦးမြင့်ဆွေကို ယာယီ သမ္မတအဖြစ် မိမိတို့ သဘောဆန္ဒအတိုင်း သတ်မှတ်ပြီးတော့မှ ဦးမြင့်ဆွေကနေ လွှဲပြောင်းပေးခဲ့တယ်ဆို တာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ ပါ ပြဌာန်းချက်နဲ့ ဥပဒေနဲ့ ညီ၊မညီ။ နောက်တစ်ခါ နိုင်ငံတော် သမ္မတကို ဖမ်းဆီးပြီးတော့ အရေးယူထားတာက ဥပဒေနဲ့ ညီညွတ်ခြင်း ရှိ၊မရှိ။ အခုဆက်လက်ပြီးတော့မှ ခေါ်ယူကျင်းပမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ မှာ သက်ရှိထင်ရှားရှိနေတဲ့ သမ္မတဦးဝင်းမြင့် မပါဘဲနဲ့ ကာ/လုံအ စည်းအဝေး ခေါ်ယူခြင်း၊ မန်းဝင်းခိုင်သန်း (အာဏာမသိမ်းခင် အမျိုးသားလွှတ်တော် ဥက္ကဌ) မပါဘဲနဲ့ ကာလုံအစည်းအဝေးခေါ်ယူခြင်းတွေက ဥပဒေနဲ့ ညီ၊မညီ အဲဒါနဲ့ပတ်သက်ပြီးတော့ အမှန်တကယ်ဆောင်ရွက်ရမှာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကပဲ အဆုံးအဖြတ်ပေးရမှာဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကလည်း စစ်ကောင်စီက ခေါ်ယူကျင်းပမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးဟာ အတုအယောင်သာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်တွေ ဆောင်ရွက် ပြီးရင် တစ်နိုင်ငံလုံးအကြားအလပ်မရှိ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီစနစ် အထွေထွေရွေး ကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာလွှဲအပ်မယ်လို့ နှစ်သစ်ကူးနဲ့ ပြည် ထောင်စုနေ့ မိန့်ခွန်းတွေမှာ ပြောဆိုထားပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားသူတွေကတော့ စစ်ကောင်စီက တရားဝင်အသိအမှတ်ပြုမှုရဖို့ နိုင်ငံရေးထွက် ပေါက် အနေနဲ့ စစ်အုပ်စုအပေါင်းအပါတွေဝင်ပြိုင်မယ့် အတိုက်အခံမရှိတဲ့ ရွေးကောက်ပွဲကို မဖြစ်ဖြစ် အောင်လုပ်ပြီး အာဏာယူမယ့်လမ်းကြောင်းကို ဆက်သွားနိုင်တယ်လို့ ထောက်ပြကြပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း အပစ်ခတ်ရပ်စဲတယ်လို့ ကြေညာပြီး တိုင်းရင်း သားလက် နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဌာနချုပ်၊ တပ်ရင်းစခန်းတွေအပါအဝင် ထိန်းချုပ်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဆောင်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.