သထုံ၊ ဇန်နဝါရီ(၂၁)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်းမှာ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူတွေကို ထိရောက်စွာအ ရေးယူမယ်လို့ KNU သထုံခရိုင်က သတိပေးလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ပေါင်၊ ချောင်ဆုံး၊ မော်လမြိုင်နဲ့ ကျိုက်မရောမြို့ နယ်တို့မှာ မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ယူနေတာ လုပ်ဆောင်နေတာပါ။
KNU သထုံခရိုင်ကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝအယုံအကြည်မရှိကြောင်းနဲ့ ရွေးကောက်ပွဲကျင်းပခွင့် ပေးအပ်သွားမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် KNU ထိန်ချုပ်နယ်မြေ သထုံခရိုင်အတွင်းမှာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ဖြစ် မြောက်ရေးအတွက် ကြိုးပမ်းနေသူတွေကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ KNU သထုံခရိုင်ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“KNU ဗဟိုထုတ်ပြန်ထားတဲ့ ကြေညာချက်ရှိတယ်။ ထုတ်ပြန်ထားတာကတော့ အဲဒီစစ်ကောင်စီရဲ့ ပြုလုပ်မယ့် ရွေးကောက်ပွဲကို မထောက်ခံဘူး။ လုပ်လာလို့ရှိရင် KNU ဗဟိုရဲ့ ဦးဆောင်မှုအောက်မှာပဲ ဥပဒေအတိုင်း အရေးယူဆောင်ရွက်မယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် ခွင့်မပြုထားတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေသူတွေကိုလည်း နယ်မြေကျော် ဝင်ရောက်လာပါက ကရင်အမျိုးသားအစည်းအရုံး KNU ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
KNU ဘားအံမြို့နယ်ကလည်း ပြည်သူလက်မခံတဲ့ ရွေးကောက်ပွဲကို မိမိတို့နယ်မြေထဲမှာ ကျင်းပခွင့်ပေးမှာ မဟုတ်ဘဲ တားမြစ်ထားတဲ့ကြားက ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ကြိုးပမ်းနေသူတွေကို ဖော် ထုတ်ပြီး ပြင်းထန်စွာအရေးယူမယ်လို့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ သတိပေးစာထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ လတ်တလောအခြေအနေမှာ KNU သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ဘားအံမြို့ မြို့ပေါ်နဲ့ မြို့အနီးအနား ကျေးရွာတွေမှာ မြေပြင်လူဦးရေစာရင်း ကောက်ယူတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် KNU သထုံခရိုင် ထိန်းချုပ်နယ်မြေအတွင်း ကျေးရွာတွေမှာတော့ မြေပြင်လူဦးရေ စာရင်းကောက်ယူတာတွေ မရှိသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ မြေပြင်လူဦးရေ စာရင်းကောက်ယူနေတဲ့ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနဲ့ စာရေးမတစ်ဦးကို သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ပစ်ခတ်ရှင်းလင်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်