ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ(၂၁)ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ် ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူလူထုရဲ့ နေအိမ်အဆောက်အဦးပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေလက်ဝတ်ရတနာနဲ့ ပစ္စည်းတွေကို ယူဆောင်သွားခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ(၄)ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့အနီးရှိ စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်စခန်းတွေကို KNLA ပူးပေါင်းအဖွဲ့တွေက တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ကြာအင်းဆိပ်ကြီးမြို့အနီးရှိ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာကြောင့် KNLA ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေခဲ့တာပါ။
ဒီလိုကျေးရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဟာ ကလေးလူကြီးအပါအဝင် ပြည်သူ (၃၀)ကျော်ကို ဇန်ဝါရီ (၁၂)ရက်နေ့ကနေ (၁၆)ရက်နေ့အထိ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာတဲ့ ဒေသခံအမျိုးသားတစ်ဦးကိုလည်း ပစ်သတ်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တံတားဦးကျေးရွာ၊ သမင်လစ်ကျေးရွာ၊ နတ်ချောင်းအလယ်ကျေးရွာ၊ ကြိုးဝိုင်းကျေးရွာ၊ မီးလောင်ချောင်းကျေးရွာနဲ့ ကြခတ်ချောင်းကျေးရွာက ဒေသခံပြည်သူလူထုရဲ့ နေအိမ်အများအပြားကို ဝင်ရောက်မွှေနှောက်ဖျက် မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ကြပြီး ရွှေငွေလက်ဝတ်ရတနာ ၊ ဖုန်း အစရှိတဲ့ပစ္စည်းတွေနဲ့ ဆန်၊ အိမ်မွေးတိရိစ္ဆာန် စတာတွေကိုလည်း ယူဆောင်သွားခဲ့တယ်လို့ နဂါးနီစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပေါ်နေတဲ့အတွက် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းကို ခရီးသည်တင်ယာဉ်တွေအနေနဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ၈ ရက် ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ဖို့ KNU တပ်မဟာ(၆)က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ကြာအင်းဆိပ်ကြီးတိုက်ပွဲကြောင့် ကျေးရွာပေါင်း(၂၀)ကျော်က ဒေသခံပြည်သူဦးရေ (၁၆၀၀၀)ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးရဲ့ ကွင်းဆင်းစစ်တမ်းကောက်ယူမှုအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်