လမိုင်း၊ ဇန်နဝါရီ ၂၀
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ရွာသစ်၊ အမြောက်တပ်အနီးလမ်းမှာ ဇန်နဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းက ကျောင်းပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ၅ ဦး သေဆုံးသွားတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့(YGF) က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီနေ့ မနက် ၉ နာရီလောက်မှာ စစ်ကောင်စီ အမှတ်(၃၁၇) အမြောက်တပ်ကနေ တပ်တွင်းကျောင်းသားကျောင်းသူတွေကို မော့ကနင်စာသင်ကျောင်းသို့ ကျောင်းပို့ပြီး ဆိုင်ကယ် ၃ ဦးနဲ့ ပြန်လာပါတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးကို ရေးပြောက်ကျားတပ်ဖွဲ့(YGF) က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
“မနက် သူတို့ကျောင်းသွားပို့တဲ့အချိန်ကတည်းက လမ်းမှာစောင့်နေတာ၊ ကလေးတွေပါလို့ မပစ်ဘဲ လွှတ်ပေးလိုက်တယ်၊ ပြန်လာတဲ့အချိန်မှာ စောင့်ပြီးတိုက်ခိုက်တာ၊ ဆိုင်ကယ်နဲ့လုံခြုံရေးလိုက်တဲ့အဖွဲ့ဝင် ၆ ဦးပါတယ်၊ ပစ်ခတ်ပြီး ပြန်ဆုတ်လာတယ်”လို့ ရေးပြောက်ကျားတပ်ဖွဲ့(YGF) တာဝန်ခံ ဗိုလ်ကျန်ရစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် တိုက်ခိုက်ခံရတာကြောင့် တပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁ ဦးကတော့ ပစ်ခတ်မှုအတွင်း လွတ်မြောက်သွားခဲ့ပေမယ့် သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သူက ဆိုပါတယ်။
ပစ်ခတ်မှုအပြီးမှာ အမှတ်(၃၁၇) အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်နေလို့ ကနင်းကမော့ရွာက ဒေသခံ ၁ ဦး လက်နက်ကြီးကျည်ထိ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က လမ်းတလျှောက်ပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်နေတာကြောင့် ယာဉ်အများစု ပိတ်မိနေသလို တချို့ယာဉ်တွေကတော့ နောက်ကြောင်းပြန်လှည့်နေကြတယ်လို့ ဆိုပါတယ်။
ရေးပြောက်ကျားတပ်ဖွဲ့(YGF)ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း သံဖြူ ဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာရှိ စစ်ကောင်စီ နယ်မြေရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့သလို ရဲ ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့တုန်းကလည်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)ဟာ လမိုင်းမြို့ပေါ် ဘုရားကြီးအနီးမှာ ရဲသတင်းတပ်ဖွဲ့ SB အရာရှိတစ်ဦးကို ပစ်ခတ်ရှင်းလင်းထားပါတယ်။
သတင်း- သံလွင်တိုင်းမ်