မန္တလေး – ဇန်နဝါရီ(၂၀)
မန္တလေး သံဃသမဂ္ဂ ဆရာတော်နှစ်ပါးဖြစ်တဲ့ အရှင်စန္ဒိမာနဲ့ အရှင်အာစာရတို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတာ အချိန်ကြာမြင့်နေပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ ဘယ်နေရာကို ပို့ ဆောင်ထားတယ်ဆိုတာ မသိရသေးဘဲ သတင်းအစအန ပျောက်နေတယ်လို့ သံဃသမဂ္ဂ ဦးဆောင်ဆရာတော် က မိန့်ပါတယ်။
သံဃာတော်နှစ်ပါးဖြစ်တဲ့ အရှင်စန္ဒိမာကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ က ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အရှင်အာစာရကိုတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
“ဦးဇင်းတို့ကိုယ်တိုင်လည်း စစ်ကြောရေးဝင်ခဲ့ရတယ်၊ တစ်ပတ်ကြာတယ်၊ ကျန်တဲ့ဦးဇင်း တွေလည်း တပတ် နှစ်ပတ်ဆိုရင် စစ်ကြောရေးကနေ ထောင်ဘက်ပို့တယ်၊ ဦးစန္ဒိမာနဲ့ ဦးအာစာရနှစ်ပါးက ထောင်ဘက်ရောက်သံမကြားသေးတော့ ဦးဇင်းတို့ သံဃသမဂ္ဂက နှစ်ပါးလုံးရဲ့ အသက်အန္တရာယ်ကို အထူး စိုးရိမ်မိတယ်” လို့ မန္တလေး သံဃသမဂ္ဂ ဦးဆောင်ဆရာတော် အရှင်ဓမ္မမေတ္တာက သံလွင်တိုင်းမ် ကို မိန့်ကြားပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ အချိန်ထိ ဒီသံဃာတော်နှစ်ပါးဟာ ကျန်းမာရေး အထူးကောင်းမွန်သူတွေဖြစ်သလို ဒဏ်ရာအနာတရ ကင်းစင်သူတွေဖြစ်တဲ့အတွက် သူတို့ရဲ့ မိသားစုဝင်တွေ စိတ်ပူနေတယ်လို့ ဆိုပါသေးတယ်။
ကျန်းမာရေးကောင်းမွန်စွာနဲ့ ဖမ်းဆီးခံထားရတဲ့ သံဃာနှစ်ပါးအန္တရာယ်တစုံတရာ ဖြစ်ပေါ် ခဲ့ပါက မတရားသဖြင့် ဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ တာဝန်ဖြစ်တယ်လို့ သံဃသမဂ္ဂ(မန္တလေး) က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ မန္တလေး သံဃသမဂ္ဂ အဖွဲ့မှာ လက်ရှိသံဃာ (၁၀) ပါးဖမ်းဆီးခံထားရပြီး အဲဒီထဲမှာ သံဃာ(၈) ပါးကို တရားဥပဒေအရ ခုခံခွင့်မပေးဘဲ စစ်ကောင်စီက မတရားအမှုတွေနဲ့ ဖမ်းဆီးထောင်ချထားတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်