နေပြည်တော်၊ ဇန်နဝါရီ (၂၀)

အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအတွင်း တရားမဝင်ကုန်သွယ်မှုပိုတိုးလာတယ်လို့ ဒုတိယစစ်ခေါင်းဆောင်က ဝန်ခံလိုက်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၁၈ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဝန်ခံပြောဆိုသွားခဲ့တာပါ။

တရားမဝင်ကုန်သွယ်မှုတွေကို အတိုင်းအတာတစ်ခုအထိ တားဆီးစစ်ဆေးပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နေပေမယ့် အရင်နှစ်ကာလတူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် သိသိသာသာ တိုးတက်လာတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာအထိ တစ်နှစ်တာအတွင်း ဖမ်းဆီးရမိတဲ့ တရားမဝင်ကုန်သွယ်မှုပေါင်း ၄၂၃၂ မှုနဲ့ ခန့်မှန်းတန်ဖိုးကျပ် ၆၅ ဘီလီယံကျော် ရှိခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာအထိ တစ်နှစ်တာအတွင်းမှာတော့ တရားမဝင်ကုန်သွယ်မှုပေါင်း ၂၂၄၀ မှုနဲ့ ခန့်မှန်းတန်ဖိုးကျပ် ၈ ဒဿမ ၄၅၉ ဘီလီယံဖြစ်တဲ့အတွက် ကာလတူနှိုင်းယှဉ်ရင် အမှုတွဲ ၁၉၉၀ ကျော်နဲ့ ခန့်မှန်းတန်ဖိုးကျပ် ၅၆ ဒဿမ ၅၉၇ ဘီလီယံ ပိုတိုးဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒုစစ်ခေါင်းဆောင်က ဆိုပါတယ်။

တရားမဝင်ကုန်သွယ်မှုတွေကို တားဆီးစစ်ဆေးရာမှာ တရားမဝင်ကုန်ပစ္စည်းတွေအပါအဝင် လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးတွေကိုလည်း ဖမ်းဆီးရမိတယ်လို့ အစည်းအဝေးမှာ ပြောဆိုသွားပေမယ့် အခြားသော ပစ္စည်းအမျိုးအစားတွေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရားမဝင်ကုန်သွယ်မှုတွေမှာ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေပါ ပါဝင်ပတ်သက်နေတာကြောင့် တားဆီးဖို့မဖြစ်နိုင်ဘူးလို့ သုံးသပ်တာပါ။

“၂၀၂၃ ခုနှစ်မှာ စစ်ရေးတိုက်ပွဲအရှိန်အဟုန်ပိုများလာတဲ့အတွက် သူတို့ (စကစ) တရားမဝင်မှုလို့ ပြောနေတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုတင်သွင်းမှုတွေက ပိုတောင်များလာလိမ့်မယ်လို့ မှန်းဆပါတယ်။ အဲဒါတွေကို သူတို့တားဆီးကာကွယ်လို့လည်း မရပါဘူး။ဘာဖြစ်လို့ မရတာလဲဆိုတော့ ဒီလုပ်ငန်းတွေရဲ့ အစိတ်အပိုင်းတော်တော်များများကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကိုယ်တိုင်က လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အခုလမ်းပိတ်ဆို့မှုတွေ လုပ်တာလည်း သူတို့ပဲ။ တရားမဝင်အခွန်ကောက်မှုတွေက တစ်ပြည်လုံးအနှံ့မှာ ဖြစ်နေတယ်။ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ကနေပြီးတော့ ကားတွေကိုအခွန်ကောက်တာ၊ လူတွေကို မတရားအခွန် ကောက်တာ အများကြီးရှိပါတယ်။ အဲဒါတွေကို သူတို့ဆက်ပြီးတော့ နှိမ်နင်းမယ်လို့၊ ကြိုးစားမယ်ဆိုတဲ့အပြောတွေက တကယ်တမ်းကျ လက်တွေ့မှာမဖြစ်နိုင်ပါဘူး”လို့ သူက ဆိုပါတယ်။

ဒုစစ်ခေါင်းဆောင်ကတော့ တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်းတွေက ကုန်သွယ်မှုတွေကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးဖို့လိုအပ်ပြီး အခြားတစ်ဖက်မှာ တရားမဝင် ဝင်ပေါက်၊ ထွက်ပေါက်တွေ အသုံးပြုရှောင်ကွင်းမှုတွေကို ထိထိရောက်ရောက် တားဆီးစစ်ဆေးပြီး ပြတ်ပြတ်သားသား အရေး ယူသွားမယ်လို့ ဆိုပါတယ်။

အဲဒီလို ဆောင်ရွက်နိုင်ဖို့ နယ်စပ်တစ်လျောက် တရားဥပဒေစိုးမိုးမှုတွေ အားကောင်းလာစေရေး ဦးစား ပေးဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်တယ်လို့လည်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်ထားရတာ၊ ကုန်ပစ္စည်းတချို့ တင်သွင်းခွင့် ကန့်သတ်ခံရတာ၊ သွင်းကုန်မူဝါဒတွေကို ကန့်သတ်ပိတ်ပင်တာ၊ တင်သွင်းလာတဲ့ ကုန် ပစ္စည်းတွေကို စစ်ကောင်စီက ပိုမိုတင်းကြပ် စစ်ဆေးလာတာကြောင့် တရားမဝင်ကုန်သွယ်မှု မှောင်ခို ဈေးကွက် ကြီးထွားလာတာဖြစ်တယ်လို့ စီးပွားရေးသမားတွေက ဆိုကြပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.