ရန်ကုန်၊ ဇန်နဝါရီ(၁၃)
ရန်ကုန်မြို့ လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက် အုတ်ကျင်းမှတ်တိုင်အနီးရှိ မိုးရေသန့်စက်ရုံမှ စက်ရုံသုံး အမိုးနီးယား ဓာတ်ငွေ့အိုး ချွတ်ယွင်းပြီး အနီးဝန်းကျင်ရပ်ကွက်တွေဆီ ဓာတ်ငွေ့ပျံ့နှံ့ခဲ့တာကြောင့် ရပ်ကွက်နေပြည်သူ (၅၀)ခန့် မူးဝေအော့အန်တာတွေ ဖြစ်ပွားခဲ့လို့ အနီးဆုံးဆေးရုံတွေဆီကို အရေးပေါ်ပို့ဆောင်ခဲ့ရပြီး အခြေအနေ စောင့်ကြည့်နေရဆဲ ဖြစ်တယ်လို့သိရပါတယ်။
“ သေတဲ့လူတော့မရှိပါဘူး။ ကျွန်မတို့ တိုက်က အသက်ကြီးပိုင်း အဘွားတစ်ယောက် အသက်ရှုရပ်မလိုဖြစ်တယ်။ ကလေးတစ်ယောက် တော်တော်အန်တယ်။ သူတို့ကတော့ ကိုယ့်အစီစဉ်နဲ့ကိုယ် ပန်းလှိုင်ဆေးရုံသွား ကုကြတယ်။ တခြားလူတွေကိုတော့ မီးသတ်နဲ့ ပရဟိတအဖွဲ့က ကားတွေက အရေးပေါ်ပို့ဖို့ လာခေါ်ပေးကြ တယ်။ မီးသတ်ကကားတွေ လာပြီး ရှင်းပေးတယ်လေ။ ည၂နာရီလောက်မှာတော့ အနံ့တွေပျောက်သွားတယ်။ မျက်စိတွေတော့ ခုထိစပ်နေတုန်းပဲ” လို့ အခင်းဖြစ်ပွားရာ ရေသန့်စက်ရုံနဲ့ နောက်ကျောဘက်ကပ်လျက် ပါရမီကွန်ဒိုဝင်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒီနေ့နေ့လည်ပိုင်းအထိ အခင်းဖြစ်ပွားရာအနီးက ရပ်ကွက်လမ်းထိပ်တွေမှာ လူနာတင်ကားတွေဟာ အသင့်အ နေအထားနဲ့ ရပ်ထားဆဲဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
ဓာတ်ငွေ့ရှုမိလို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ အရေးပေါ်အခြေနေရင်ဆိုင်ရတဲ့ လူနာတွေဟာ အင်း စိန်ဆေးရုံမှာ ၁၆ဦး၊မြောက်ဥက္ကလာပဆေးရုံကြီးမှာ အမျိုးသမီးလူနာတစ်ဦးနဲ့ ကျန်သူတွေကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးနဲ့ လှိုင်သာယာဆေးရုံတွေမှာ ဆေးရုံတင်ထားရတယ်လို့ မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့က ပြောကြားထားပါတယ်။
တချို့သော ရပ်ကွက်နေပြည်သူတွေကတော့ ရပ်ကွက်တွင်း မနေရဲသေးဘဲ မနေ့ညကတည်းက နီးစပ်ရာမြို့နယ်တွေမှာ သွားရောက်နေထိုင်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ငွေယိုစိမ့်မှုကြောင့် အောက်ဆီဂျင်ပြတ်လတ်သွားလို့ မီးသတ်ဌာနက လေမှုတ်စက်တွေနဲ့ ဓာတ်ငွေ့ တွေဖယ်ရှားပြီး လေထုသန့်စင်ရေး လုပ်ဆောင်ပေးခဲ့တယ်လို့လည်း အင်းစိန်မြို့နယ်ကြက်ခြေနီသူ နာပြုတပ်ဖွဲ့က ပြောကြားထားပါတယ်။
အခုလို လှိုင်မြို့နယ်အတွင်း အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုဖြစ်စဉ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀နှစ်ခန့်ကလည်း လှိုင်မြို့နယ် ဆင်ရေတွင်းရပ်ကွက်မှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်ခဲ့ရဖူးပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာက အရေးယူမှုတစ်စုံတစ်ရာ ထုတ်ပြန်ကြေညာထားတာတော့ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်